
၂၁. ၃. ၂၀၂၅
Written by Nay Moe
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ နမ့်မှော်ကျေးရွာမှာ ဒီနေ့ မတ်လ ၂၁ ရက် နံနက် ၈ နာရီအချိန်ခန့်က ကျောက်လုပ်ကွက်တစ်ခုရဲ့ နွံကန်ပေါက်ကျလို ရွှံ့နွံတွေက ချောင်းကျသလို ရွာလမ်းမအတိုင်း ရွာထဲကို စီးဝင်နေတယ်လို့ ဒေသတွင်းသတင်းတွေအရ ကနဦး သိရပါတယ်။
စစ်တိုက်ဖို့အတွက် သယံဇာတထွက်ရာ ဖားကန့်ကို KIA တိုက်ခိုက် ထိန်းချုပ်ဖို့ကြိုးပမ်းထားပြီး တရားမဝင် ကျောက်မျက်သယံဇာတခိုးထုတ်ခွင့်
ပေးထားတဲ့လုပ်ကွက်တွေကနေ နွံကန်ပြိုကျရာက ဖြစ်ပေါ်လာတဲ့ ရွှံ့နွံစီးကြောင်းက နမ့်မှော်ရွာအတွင်းက ဘုန်းကြီးကျောင်း၊ နေအိမ်နဲ့ ခြံဝင်းတွေကိုလည်း အရှိန်နဲ့တိုက်စားနေသလို အနိမ့်ပိုင်းတွေ ရွံ့ရေမြုပ်သွားပြီး ရွံ့နွံစီးမှု ၂ နာရီကျော်မှ ကနဦးရှင်းလင်းရေးစတင်ဖို့လုပ်နိုင်တယ်လို့ သိရပေမဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

“ဖြစ်တာက ညအချိန်မတော်ဆို အသေအပျောက်များမှာ။ ကံကောင်းတာက မနက် ၈ နာရီလောက် လင်းလင်းချင်းချင်းမှာဖြစ်တာဆိုတော့ အသေအပျောက်တော့မကြားရသေးဘူး။ ဒါပေမဲ့ နွံတွေက ချောင်းတွေလိုစီးပြီး တစ်ရွာလုံးဖုံးနေလို့ တစ်နေရာနဲ့တစ်နေရာလည်း သွားမရသေးဘူး”လို့ ဒေသခံတစ်ဦးက MT News ရဲ့ ဆက်သွယ်မေးမြန်းမှုအပေါ် ကြုံနေရတဲ့အခြေအနေကို ပြောပြပါတယ်။
ကချင်လက်နက်ကိုင် KIO/KIA က ကျေးရွာနဲ့နီးပြီး အန္တရာယ်ရှိတဲ့ လုပ်ကွက်တွေကို ခွင့်ပြုထားတာနဲ့ ပတ်သက်လို့ ဒေသခံအများစုက မကျေနပ်ကြောင်း၊ နမ့်မှော်ကျေးရွာအနီးမှာ ပွင့်ထူးစံ၊ ကျော်နိုင်နှင့်ညီများ၊ လောပန်းအငယ်လေး၊ ဒီဇင်ဘာကျောက်မျက်စီးပွားရေးလုပ်ငန်း အပါအဝင် ကုမ္ပဏီပေါင်းများစွာ လုပ်ကိုင်နေကြောင်း ဖားကန့်ကြေးမုံက ဖော်ပြထားပါတယ်။

တရားမဝင် ကျောက်မျက်တူးဖော်ခွင့်တွေ KIA က အများအပြားချထားပေးတာကြောင့် ဖားကန့်မှာ နွံအိုင်ပြိုကျမှုတွေမကြာခဏဖြစ်နေသလို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်မှာ စပေါ့ကျေးရွာအနီး ဘဇံချောက်က ရတနာအဓိပတိ ကုမ္ပဏီ လုပ်ကွက်ဟောင်း ရွှံ့နွံကန် ပွင့်ကျမှုလို့ ကလေး ၄ ဦးအပါအဝင် ၅၃ ဦး သေဆုံးခဲ့ပြီး အိမ် ၅၇ လုံး ပျက်စီးခဲ့တာ၊ ဇန်နဝါရီ ၃၀ ရက်မှာ အဆိုပါနေရာမှာပဲ ဒုတိယအကြိမ် ရွှံ့နွံကန် ထပ်မံပွင့်ကျလို့ ကုမ္ပဏီဝန်ထမ်း ၃ ဦး သေဆုံးခဲ့တာ၊ ဖေဖော်ဝါရီ ၁၅ ရက်မှာလည်း ဆိပ်မူအုပ်စု၊ ကောင်းဆန်ကျေးရွာအနီး မြေပြိုလို့ ဝန်ထမ်း ၅ ဦး သေဆုံးခဲ့တာတွေ ဆက်တိုက်ဖြစ်ပွားထားပါသေးတယ်။