
သတင်းအတု၊ သတင်းအမှားများကို တိုက်ဖျက်ရန်လိုကြောင်းနှင့် မီဒီယာများပုံဖျက်ထားသလို မဟုတ်ဘဲ မြန်မာနိုင်ငံ ပကတိအခြေအနေမှန်မှာ အလွန်ကွာခြားကြောင်း နိုင်ငံတကာမှ ပညာရှင်များအား ချပြ
၂၁. ၃. ၂၀၂၅
Written by Nyein Kyaw
လက်ရှိပထဝီနိုင်ငံရေးအခြေအနေကြောင့် စွမ်းအင်၊ ရေ၊ ရှားပါးသတ္တုများ ရယူသုံးစွဲမှုသည် ရှေရှည်ငြိမ်းချမ်းရေးအတွက် အရေးကြီးလာသလို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နျူကလီးယားနှင့် အခြားစွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။


“ထပ်လောင်းပြီး အလေးအနက်စဉ်းစားရမယ့် အကြောင်းအရာတစ်ခုကတော့ စွမ်းအင်နှင့်အရင်းအမြစ် လုံခြုံရေးပဲဖြစ်ပါတယ်။ စွမ်းအင်၊ ရေနဲ့ ရှားပါးသတ္တုတွေကို ရယူသုံးစွဲမှုဟာ ရေရှည်ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးလာပါတယ်။ ကျွန်တော်တို့ဟာ ပြန်လည်ဖြည့်ဖြိုးမြဲစွမ်းအင်၊ နျူကလီးယားနဲ့ အခြားစွမ်းအင်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားရပါမယ်။ ပထဝီနိုင်ငံရေးကြောင့် ပြတ်တောက်မှုတွေဖြစ်ပေါ်လာမယ့် အန္တရာယ်တွေအတွက် ကြိုတင်ဆောင်ရွက်ရတဲ့အနေနဲ့ ရှားပါးသတ္တုတွေနဲ့ စားရေရိက္ခာဖူလုံရေးကိုလည်း လုံခြုံစိတ်ချစွာ စီမံဆောင်ရွက် ထိန်းသိမ်းသွားကြရမှာလည်းဖြစ်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယနေ့ ပြုလုပ်သည့် ဆွေးနွေးပွဲသို့ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ထိုင်း၊ နီပေါ၊ ဂျပန်၊ အီတလီ စသည့်နိုင်ငံများမှ အတွေ့အကြုံဗဟုသုတများစွာရှိသည့် ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများ လာရောက်ဆွေးနွေး အကြံပြုကြခြင်းဖြစ်သည့်အတွက် ၂၀၂၅ အလွန် မြန်မာနိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုအဖြစ် ပုံဖော်တည်ဆောက်ရာတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
လူမှုယဉ်ကျေးမှု အသိုင်းအဝိုင်းတွင်လည်း ဗဟုဝင်ရိုးခေတ်ကြီးတွင် ပါဝါအရွေ့များ ဖြစ်ပေါ်ပြောင်းလဲမှု မြန်ဆန်လာသည့်အတွက် ပြည်တွင်းတည်ငြိမ်ရေးသည် အဓိကနေရာတွင် ရောက်ရှိလာကြောင်း၊ သတင်းအတု၊ သတင်းအမှားများ တိုက်ဖျက်ရန်လိုပြီး မီဒီယာအတတ်ပညာ တိုးတက်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံခြားဩဇာအရှိန်အဝါ သက်ရောက် အောင် ကြိုးစားနေမှုများအပေါ် တန်ပြန်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ထောက်ပြခဲ့သည်။
“ယခုလာရောက်ကြတဲ့ ပညာရှင်ကြီးများအနေနဲ့ အခုဆွေးနွေးပွဲကြီးကို တက်ရောက်လာရင်း မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေတွေကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ခွင့် ရပါလိမ့်မယ်။ သတင်းတု၊ သတင်းအမှားတွေနဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကိုအမျိုးမျိုးဖျက်နေကြတဲ့ မီဒီယာအတုတွေ၊ လွတ်လပ်မှုကင်းတဲ့ မီဒီယာတွေက ဖော်ဆောင်နေတဲ့ မြန်မာနိုင်ကပုံရိပ်နဲ့ ပညာရှင်ကြီးတွေ ယခုကိုယ်တိုင် ထိတွေ့မြင်တွေ့ရတဲ့ မြန်မာ့ပုံရိပ်ဟာ လွန်စွာကွာခြားမှုတွေ၊ ခြားနားမှုတွေရှိနေတာကို ခံစားရမယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
ကမ္ဘာ့ဝင်ရိုးကမ္ဘာ၊ ဗဟုဝင်ရိုးကမ္ဘာဟု သိကြသည့်ဝင်ရိုးစုံကမ္ဘာ (Multi Polar World) သည် ယခင်က ကမ္ဘာ့စင်မြင့်တွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံတည်းက လွှမ်းမိုးကြီးစိုးခဲ့ရာမှ လက်ရှိအချိန်တွင် အဆိုပါ ပုံစံအခင်းအကျင်းများနှင့်မတူညီဘဲ နိုင်ငံများစွာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ၌ သိသာထင်ရှားသည့် စုစည်းမှုအင်အားများရှိလာပြီဖြစ်ကြောင်း၊ အဆိုပါ စုစည်းအားများသည် ကမ္ဘာ့စင်မြင့်တွင် ပျံ့နှံ့ဖြာထွက် ဩဇာသက်ရောက်လာသည့် ကမ္ဘာ့အစီအစဉ်အသစ်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တရုတ်၊ အိန္ဒိယ၊ ဥရောပသမဂ္ဂနှင့် ရုရှားနိုင်ငံများကဲ့သို့ ဘက်ပေါင်းစုံ တိုးတက်အောင်မြင်လာကြရခြင်းသည် ယခင်အစဉ် အလာရှိသည့် အင်အားကြီးနိုင်ငံများ၏ ဩဇာလွှမ်းမိုးမှုကို စိန်ခေါ်လာပြီဖြစ်သလို အဆိုပါ ဩဇာသက်ရောက်မှုများ၊ ပါဝါများသည် နိုင်ငံတော်တော်များများနှင့် ဒေသအဖွဲ့အစည်းများသို့ ကွဲပြားဖြန့်ကျက်လာနေသည့်အတွက် ကမ္ဘာကြီးသည် ယခင်ကဲ့သို့ ဩဇာလွှမ်းမိုးမှု တစ်ဖက်စောင်းနင်းမဖြစ်တော့ဘဲ ပါဝါဟန်ချက်ကို ထိန်းညှိလာစေကြောင်း၊ တစ်နည်း အားဖြင့် မည်သည့်နိုင်ငံ တစ်နိုင်ငံတည်းကမှ ကမ္ဘာလုံးဆိုင်ရာ ရလဒ်တစ်ခုကို ၎င်းကိုယ်ပိုင်ဖန်တီး၍ မရနိုင်တော့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီ၊ နီပေါနိုင်ငံတို့မှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းမှ ပညာရှင်များ ပါဝင်ဆွေးနွေးကြမည်ဖြစ်ပြီး နိုင်ငံတကာမှလေ့လာသုံးသပ်သူများ (Observers) လည်း ပါဝင်တက်ရောက်ခဲ့သည်။