
၂၁.၃.၂၀၂၅
Translated by Htwe Ko Tun
ယူနိုက်တစ်ကင်းဒမ်းနိုင်ငံ၊ လန်ဒန်မြို့ရဲ့ ဟိတ်သရိုးလေဆိပ်ကို လျှပ်စစ်ဓာတ်အားထောက်ပံ့နေတဲ့ လေဆိပ်အနီး ဓာတ်အားခွဲရုံတစ်ခုမှာ မီးလောင်မှုကြောင့် လေဆိပ်နဲ့အိမ်အများအပြားမှာ ဓာတ်အားပြတ်တောက်မှုဖြစ်ပြီးတဲ့နောက် ဟိတ်သရိုး လေဆိပ်ကိုလည်း မတ်လ ၂၁ ရက် ည သန်းခေါင်အချိန်ထိ ပိတ်ထားမှာဖြစ်တယ်လို့ ကြေညာခဲ့တယ်လို့ သိရပါတယ်။
လူမှုကွန်ရက်မှာ မျှဝေထားတဲ့ ကြေညာချက်တစ်ရပ်မှာ ခရီးသည်တွေအားလုံးကို လေဆိပ်ကိုမသွားကြဖို့ အကြံပေးထားတယ်လို့ သိရပါတယ်။ကြေညာချက်က ဟိတ်သရိုးလေဆိပ်ကို မတ်လ ၂၁ ရက်ည၊ ၁၁ နာရီ ၅၉ မိနစ်အထိ ပိတ်ထားမယ်လို့ဖော်ပြခဲ့ပါတယ်။
လန်ဒန်မြို့ အနောက်ဘက်မှာရှိတဲ့ Hayes ဓာတ်အားခွဲရုံမီးလောင်မှုက အိမ် ၁၆,၀၀၀ ကျော် လျှပ်စစ်အား ပြတ်တောက်သွားစေခဲ့ပြီး လူ ၁၀၀ ကျော်ကိုလည်း ကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။ လန်ဒန်မြို့ မီးသတ်တပ်ဖွဲ့က မီးလောင်မှုကို မီးသတ်ကားဆယ်စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၇၀ နဲ့ ငြှိမ်းသတ်ခဲ့ရပြီး အနီးပတ်ဝန်းကျင်အဆောက်အအုံတွေက လူ ၁၅၀ ခန့်ကို ကယ်တင်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
မီးလောင်မှုကြောင့် မီတာ ၂၀၀ အရှည်ရှိတဲ့ မဝင်ရတားမြစ်ထားတဲ့ ကြိုးတန်းတစ်ခုကိုလည်း ပြုလုပ်ထားခဲ့ရပါတယ်။ မီးလောင်ပြီးတဲ့နောက် လူမှုကွန်ရက်တွေမှာတော့ အလင်းရောင်မရှိဘဲ မှောင်မဲနေတဲ့ ဟိတ်သရိုးလေဆိပ်ကို တွေ့ကြရပါတယ်။
ဟိတ်သရိုး လေဆိပ်ကို ပိတ်ထားခဲ့မှုက ခရီးသည်ပေါင်း သိန်းနဲ့ချီပြီး သူတို့ရဲ့ခရီးစဉ်တွေကို သက်ရောက်မှု ရှိခဲ့ပါတယ်။ မကြာခင်က ထုတ်ပြန်တဲ့သတင်းအချက်အလက်အရ ဟိတ်သရိုး လေဆိပ်က ၂၀၂၄၃ ခုနှစ်မှာ ကမ္ဘာ့ စတုတ္ထမြောက် ခရီးသည်အဝင်အထွက်အများဆုံးလေဆိပ်ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာတော့ ခရီးသည် ၈၃ ဒသမ ၉ သန်းအဝင်အထွက်ရှိကာ စံချိန်တင်ခဲ့ပါသေးတယ်။
လေဆိပ်ကို မတ်လ ၂၁ ရက် ည သန်းခေါင်အချိန်ထိပိတ်ထားမှာ ဖြစ်တယ်လို့ ကြေညာချက်ထုတ်ခဲ့ချိန်မှာပဲ ဟိတ်သရိုး လေဆိပ်ကို ဆင်းသက်ဖို့ လေယာဉ် ၁၂၀ က ပျံသန်းလာနေကြတာပါ။အဆိုပါလေယာဉ်တွေက လမ်းကြောင်းလွှဲပျံသန်းတာ ဒါမှမဟုတ် မူလ ပျံတက်လာတဲ့လေဆိပ်ကို ပြန်သွားတာတွေ ပြုလုပ်ခဲ့ကြရပါတယ်။
မီလောင်မှုဖြစ်ပွားရခြင်းအကြောင်းကိုတော့စစ်ဆေးနေဆဲဖြစ်ပါတယ်။
Ref . The Guardian