
၂၁. ၃. ၂၀၂၅
Written by Nay Moe
၂၀၂၁ ခုနှစ်က စတင်ခဲ့တဲ့ လက်နက်ကိုင်တိုက်ခိုက်မှု လေးနှစ်အတွင်းမှာ ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးကို အခြေစိုက်ဖွဲ့စည်းခဲ့တဲ့ ဟားခါး PDF ၅၂ ယောက် အသက်ပျောက်ခဲ့ရတယ်လို့ Chinland Defense Force – Hakha Central Council Chinland က ဒီနေ့ကျရောက်တဲ့ ၄ နှစ်ပြည့်ထုတ်ပြန်ချက်မှာ ပထမဆုံးဝန်ခံလာပါတယ်။
CDF-Hakha ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က စတင်ဖွဲ့စည်းပြီး ၄ နှစ်အတွင်း တိုက်ပွဲအကြိမ်ပေါင်း ၃၂၆ ကြိမ် ဆင်နွှဲခဲ့သလို ဒီတိုက်ပွဲတွေမှာ သေဆုံးမှုကို အခုမှ ပထမဆုံးဝန်ခံလာတာလည်း ဖြစ်ပါတယ်။
CDF- Hakha အနေနဲ့ ဟားခါး မြို့နယ်အတွင်း တပ်စစ်ကြောင်းက ၁၉ ကြိမ် ရောက်ရှိခဲ့ရာမှ ၁၇ ကြိမ် တိုက်ခိုက်ပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ချင်း PDF တွေ မသိမ်းနိုင်သေးတဲ့ ဟားခါးမြို့တွင်းစစ်ဆင်ရေးကို အကြိမ် ၁၅ဝ ဆင်နွှဲခဲ့ပြီး အခြားသောမြို့နယ်တွေမှာ တပ်စစ်ကြောင်းကို တိုက်ခိုက်ပစ်ခတ်မှု ၈.ကြိမ်ပါဝင်ခဲ့တဲ့အပြင် စခန်းနဲ့မြို့သိမ်း စစ်ဆင်ရေး ၁၂ ကြိမ်ပါဝင်ခဲ့လို့ ဒီတိုက်ပွဲတွေမှာ CDF-Hakha PDF ၅၂ ဦး အသက်သေပြီး ၁၈၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဝန်ခံထားပေမဲ့ ဒီ ၁၈၃ ယောက်မှာ အင်္ဂါမစုံတော့သူအရေအတွက်ကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။