
၂၁ . ၃. ၂၀၂၅
Translated by Thettant
အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်ပညာရေးဌာန(DOE)ကို ဖျက်သိမ်းရန် သမ္မတသစ် ဒေါ်နယ်ထရမ့်ပ်က ကြာသပတေးနေ့တွင် အမိန့်ထုတ်ပြန် လက်မှတ်ထိုးခဲ့သည်။
ထိုအမိန့်သည် ထရမ့်ပ်၏ ရွေးကောက်ပွဲ ကတိကဝတ်ကို အကောင်အထည်ဖော်ခြင်းဖြစ်ပြီး၊ ရှည်ကြာစွာ ရပ်တည်ခဲ့သော ပညာရေးဌာနကို ဖျက်သိမ်းရန် ရည်ရွယ်ချက်လည်းဖြစ်ကာ အိမ်ဖြူတော်ထုတ်ပြန်လာသော ပုံရိပ်တွင်မူ ပညာရေးဌာနကို ပိတ်ရန်နှင့် မိဘများနှင့် ပြည်နယ်များကို ဩဇာပေးရန် အမှုဆောင်အမိန့်ကို လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း ကျောင်းသားငယ်များအကြား ထရမ့်ပ်လက်မှတ်ရေးထိုးနေမှုရုပ်သံနှင့် ပုံရိပ်များ ထုတ်လွှင့်ခဲ့သည်။




ထရမ့်သည် ပညာရေးဌာနကို အရင်းအမြစ်ဖြုန်းတီးမှုနှင့် လစ်ဘရယ် အတွေးအခေါ်များဖြင့် ညစ်ညမ်းနေသည်ဟုလည်း ဝေဖန်ခဲ့သည်။ ပညာရေးဌာနသည် ဗဟိုအစိုးရ၏ အလွန်အကျွံထိန်းချုပ်မှုအောက်တွင်ရှိနေခဲ့ပြီး ယခုလုပ်ဆောင်ချက်ကြောင့် ပြည်နယ်အစိုးရများက အမေရိကန်ပြည်ထောင်စု၏ ပညာရေးစနစ်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်ဟုလည်း မျှော်လင့်နေကြသလို ရှုတ်ချကန့်ကွက်မှုများကိုလည်း ရင်ဆိုင်နေရသည်။
သို့သော် ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၂၆၈ ဘီလျံခန့်ရှိသော များပြားလှသည့် ဘတ်ဂျက်ကို စီမံခန့်ခွဲပြီး ဝန်ထမ်း ၄,၄၀၀ ခန့်ကို အလုပ်ခန့်ထားသည့်
ပညာရေးဌာနကို အပြီးသတ် ဖျက်သိမ်းရန်မှာမူ လွှတ်တော်၏ သဘောတူညီချက်မပါဘဲ မဖြစ်နိုင်ချေ။ ၁၉၇၉ ခုနှစ်တွင် လွှတ်တော်က ပညာရေးဌာနကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရီပတ်ဘလီကန်များကမူ ထရမ့်ပ်၏အမိန့်ကို အကောင်အထည်ဖော်ရန် ဥပဒေကြမ်းတစ်ရပ် တင်သွင်းမည်ဟု ပြောကြားခဲ့သည်။
အခြားတစ်ဖက်တွင်မူ ပညာရေးဌာနကို လုံးဝပိတ်သိမ်းမည်မဟုတ်ဘဲ အိမ်ဖြူတော်က ပညာရေးဌာန၏ အချို့သော အဓိကလုပ်ငန်းဆောင်တာများကို ဆက်လက်ထိန်းသိမ်းထားမည်ဟု ပြောကြားခဲ့သည်။

ထရမ့်ပ်က သူ၏အုပ်ချုပ်ရေးအဖွဲ့သည် ပညာရေးဌာနကို “အဓိကလိုအပ်ချက်များ”ကို ချန်လှပ်၍ ပိတ်သိမ်းမည်ဟု ပြောကြားခဲ့ပြီး၊ ဆင်းရဲသော ကျောင်းသားများအတွက် Title I ရန်ပုံငွေ၊ Pell ပညာသင်ဆုများနှင့် မသန်စွမ်းကလေးများအတွက် ရန်ပုံငွေများကို ဆက်လက်ထိန်းသိမ်းထားမည်ဟု ဆိုခဲ့သလို အိမ်ဖြူတော်က ဖက်ဒရယ်ကျောင်းသားချေးငွေများကိုလည်း ဆက်လက်စီမံခန့်ခွဲမည်ဟု ပြောကြားခဲ့သည်။
သမ္မထရမ့်ပ်က အမေရိကန်၏ ပညာရေးစွမ်းဆောင်ရည် နိမ့်ကျမှုအတွက် ပညာရေးဌာနကို အပြစ်တင်ခဲ့ပြီး၊ ပြည်နယ်များက ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဟုလည်း ပြောကြားခဲ့သည်။
“ဒါက ကျွန်တော်တို့အတွက် အကျိုးမရှိပါဘူး” ဟု သူက အိမ်ဖြူတော်တွင် ကျင်းပသော အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။
ထရမ့်၏ ရီပတ်ဘလီကန် အုပ်ချုပ်ရေးအဖွဲ့သည် ယခင်ကတည်းက ပညာရေးဌာနကို ဖျက်သိမ်းခဲ့သည်။ ဌာန၏ လုပ်သားအင်အားကို တစ်ဝက်ခန့် လျှော့ချခဲ့ပြီး၊ Civil Rights Office နှင့် Institute of Education Sciences တို့တွင် နက်ရှိုင်းသော ဘတ်ဂျက်ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။
သမ္မတ ထရမ့်ပ်၏ ပညာရေးဆိုင်ရာ အာဏာကို ပြည်နယ်များနှင့် ဒေသခံအသိုင်းအဝိုင်းများထံ ပြန်လည်အပ်နှင်းရန် အာဏာပိုင်အမိန့်အပေါ် ထုတ်ပြန်ပြီးနောက် ထရမ့်ပ်ခန့်အပ်ထားသော အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်ပညာရေးဌာနအကြီးအကဲ Linda McMahon “ယနေ့ထုတ်ပြန်လိုက်သော အာဏာပိုင်အမိန့်သည် သမ္မတထရမ့်ပ်မှ အနာဂတ်မျိုးဆက်သစ် အမေရိကန်ကျောင်းသားများအား လွတ်မြောက်စေရန်နှင့် ၎င်းတို့၏ အောင်မြင်မှုအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန် သမိုင်းဝင်လုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့သည် ပညာရေးကို ပြည်နယ်များထံ ပြန်လည်အပ်နှင်းလိုက်ပြီဖြစ်သည်။ ပညာရေးသည် မူလကတည်းက ပြည်နယ်၏ တာဝန်ဖြစ်သည်။ ဖက်ဒရယ်အစိုးရ၏ ရှုပ်ထွေးသောစည်းမျဉ်းစည်းကမ်းများမှတစ်ဆင့် အရင်းအမြစ်များကို စစ်ထုတ်ခြင်းထက်၊ ကျွန်ုပ်တို့သည် ပြည်နယ်များအား ၎င်းတို့၏ ဒေသခံအသိုင်းအဝိုင်းများရှိ ကျောင်းသားများ၊ မိသားစုများနှင့် ဆရာများအတွက် အကောင်းဆုံးဖြစ်စေရန် တာဝန်ယူဆောင်ရွက်ရန် အာဏာပေးမည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနကို ပိတ်သိမ်းခြင်းသည် ၎င်းတို့အပေါ် မှီခိုနေရသူများထံမှ ရန်ပုံငွေများကို ဖြတ်တောက်ခြင်းမဟုတ်ပါ။ K-12 ကျောင်းသားများ၊ အထူးလိုအပ်ချက်ရှိသော ကျောင်းသားများ၊ ကောလိပ် ကျောင်းသားများနှင့် အခြားသော အရေးကြီးပရိုဂရမ်များကို မှီခိုနေရသူများကို ဆက်လက်ထောက်ပံ့သွားမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဥပဒေကို လိုက်နာပြီး ဥပဒေနှင့်အညီ ပြောင်းလဲမှုကို စနစ်တကျ ဆောင်ရွက်ရန် ကွန်ဂရက်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ယနေ့၏ လုပ်ဆောင်ချက်ဖြင့် မိဘများနှင့် ပြည်နယ်များအား ၎င်းတို့၏ ကလေးများ၏ ပညာရေးကို ထိန်းချုပ်နိုင်ရန် ကြီးမားသော ခြေလှမ်းတစ်ရပ်ကို လှမ်းလိုက်ပြီဖြစ်သည်။ ဆရာများသည် စည်းမျဉ်းစည်းကမ်းများနှင့် ကန့်သတ်ထိန်းချုပ်မှုများမှ လွတ်မြောက်ကာ အခြေခံဘာသာရပ်များကို ပြန်လည်သင်ကြားနိုင်ရန် အာဏာပေးခြင်းခံရမည်ဖြစ်သည်။ အခွန်ထမ်းများသည် တိုးတက်မှုဆိုင်ရာ လူမှုစမ်းသပ်မှုများနှင့် ခေတ်နောက်ကျနေသော အစီအစဉ်များအတွက် ဘီလျံပေါင်းများစွာ ဖြုန်းတီးမှုများကို ထမ်းဆောင်ရန် မလိုအပ်တော့ပါ။ K-12 နှင့် ကောလိပ်ကျောင်းသားများသည် အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကြောင့် ဖြစ်ပေါ်လာသော ပျင်းရိငြီးငွေ့မှုများမှ လွတ်မြောက်ကာ ၎င်းတို့နှစ်သက်သော အနာဂတ်အလုပ်အကိုင်တွင် အောင်မြင်မှုရရှိရန် အဆင်သင့်ဖြစ်နေမည်ဖြစ်သည်။”ဟု ကြေညာချက်ထုတ်ခဲ့သည်။
Ref, AP & DOE & The Gurdian