
၂၁. ၃. ၂၀၂၅
Written by Hey Mar
ဘိလပ်မြေတင်ဆောင်လာတဲ့ တွဲကားတစ်စီး ဘရိတ်ပေါက်တိမ်းမှောက်ရာက ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသားလေးဦးအနက် တစ်ဦးသေဆုံးပြီး သုံးဦးပြင်းထန် ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် မတ်လ ၂၀ ရက် ည ၇ နာရီဝန်းကျင် အချိန်ခန့်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ မိုင်းဇင်းအုပ်စု၊ ပန်လော့(အထက်)ရွာ၊ နတ်စင်ကွေ့ အနီးမှာဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်က ကျိုင်းတုံ -တာချီလိတ်လမ်း၊ ပန်လော့ရွာအထက်၊ ပန်ကွဲအဆင်း၊ နတ်စင်ကွေ့ အနီး မိုင်တိုင်အမှတ်(၄၀၃/၇) နဲ့ (၄၀၄/၀)ကြားမှာ ဖြစ်ပွားခဲ့ပြီး လူညပ်နေကြောင်းသတင်းရရှိတာကြောင့် ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ရသလို ည ၉ နာရီခန့်အချိန်မှာ ယာဉ်အတွင်းပိညပ်နေတဲ့ အမျိုးသား လေးဦးအနက် ယာဉ်မောင်းဖြစ်သူမှာပြင်းထန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ကျန်သုံးဦးကိုလည်း ပြင်းထန်ဒဏ်ရာတွေနဲ့ပဲ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ် ။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူနဲ့ ပြင်းထန်ဒဏ်ရာရရှိသူတို့ကို နှလုံးလှ လူမှုကူညီရေးအသင်းနဲ့ တိုင်းနေ လူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်တွေနဲ့ ကျိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။