
၂၀. ၃. ၂၀၂၅
Written by Phyo Wei
အစွန်းရောက်အရူးတွေလို့ မီဒီယာတွေကို DOGE အကြီးအကဲ ဘီလျံနာ အီလွန်မတ်ခ် ဝေဖန်အပြီးမှာ ဒေါ်လာတစ်ဘီလျံခန့် နှစ်စဉ်ဖြုန်းတီးဝါဒဖြန့်နေတဲ့ VOA နဲ့ RFA အပါအဝင် မီဒီယာတွေရဲ့ လည်ပတ်မှုကို အမေရိကန်သမ္မတသစ် ထရမ့်ပ်က ဖြတ်တောက်လိုက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် အမေရိကန်အစိုးရက တိုက်ရိုက်ထောက်ပံ့တဲ့၊ မြန်မာဘာသာစကားပါတင်ဆက်တဲ့ VOA က ချက်ချင်းရပ်ဆိုင်းသွားသလို လွှတ်တော်ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ လည်ပတ်တဲ့ RFA ကလည်း ဆက်လက်လည်ပတ်ဖို့ မရေမရာဖြစ်လာရတဲ့ဖြစ်စဥ်အပေါ် ဘက်လိုက်သတင်းတွေတင်ဆက်မှု လက်မခံလိုတဲ့ မြန်မာပြည်သူတွေ ပျော်ရွှင်ကြတာ ဒီတစ်ပတ်မှာ မြင်ခဲ့ရတဲ့အပြင် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂါလီဒုက္ခသည်စခန်းက လူ ၁ သန်းကို ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က အစားအစာဖြတ်တောက်မှု ထက်ဝက်လျှော့ချမယ်လို့ ကြေညာလိုက်မှုလည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် ဘင်္ဂါလီလက်နက်ကိုင်အုပ်စု ARSA ရဲ့ ခေါင်းဆောင် အဘူအမ္မာ ဂျူနူနီဟာ မြန်မာ့တပ်မတော်က စစ်ရေးအရ အရေးယူနှိမ်နင်းမှုကို ဖြစ်စေပြီး ဘင်္ဂါလီ ၇၅၀,၀၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးစေခဲ့တဲ့ ၂၀၁၇ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးမိခဲ့ပြီလို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက မတ်လ ၁၈ ရက်က ပြောခဲ့ပြီး အဘူအမ္မာကို ဒက်ကာမြို့အနီးမှာ သူ့ရဲ့လက်ထောက်ငါးယောက်နဲ့အတူ ဖမ်းမိခဲ့တာ၊ ထပ်ပြီးလည်း သူ့လူ ၄ ယောက်ပါ ဖမ်းမိခဲ့တယ်ဆိုတာ၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက သူဟာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေများစွာ လုပ်ခဲ့တယ်လို့ စွပ်စွဲထားတာ ကိုလည်း သိခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း နှစ်နိုင်ငံပြည်သူတွေအကြားနဲ့ နယ်စပ်ဒေသက တိုင်းရင်းသားမျိုးနွယ်စုတွေအကြား မလိုမုန်းထား ရန်မီးတောက်စေအောင်၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက် ထိပါး စော်ကားရာ ရောက်အောင် မြန်မာပိုင် ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယပိုင်အဖြစ်သိမ်းယူဖို့ ပြောလာတဲ့ အိန္ဒိယ လွှတ်တော်အမတ် Leishemba Sanajaoba လုပ်ရပ်အပေါ် SAC အစိုးရပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အိန္ဒိယနိုင်ငံရေးသမားအချို့အနေနဲ့ မြန်မာ့ အချုပ်အခြာ အာဏာ၊ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို့ ပြောခဲ့သလို ပြည်သူ့ရှေ့ဆောင်ပါတီကလည်း ပြင်းထန်စွာရှုတ်ချကန့်ကွက်လိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် တောင်ကုတ်ကို AA က သိမ်းပြီးပြီဆိုပြီး ဝမ်းမြောက်ဝမ်းသာနေရပ်ပြန်တဲ့ AA လိုလား ထောက်ပို့သူတွေ ဖမ်းဆီးခံရတာ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ ပါဝင်ဆွေးနွေးမယ့် ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာမှာ မြန်မာနိုင်ငံကြုံတွေ့လာရမယ့် စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအပေါ် သုံးသပ်ဆွေးနွေးပွဲ ကျင်းပမယ်ဆိုတာ၊ အမေရိကန်နဲ့ အနောက် အုပ်စုတွေက NUG နဲ့ PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို ကူညီတိုက်ခိုက်ဖို့ ပြည်ပနိုင်ငံသားတွေ လက်နက်ကိုင်ဖွဲ့စည်းထားတဲ့ Free Burma Ranger အဖွဲ့က KNLA ဆေးမှူး နော်စေးမူးဖော အပါအဝင် ဆေးမှူးနှစ်ဦးဟာ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့တာ စတဲ့ ဖြစ်စဉ်တွေအပြင် PDF တွေရဲ့ ပျဉ်းမနားစစ်ကြောင်းမှူးကို ကယန်းပြည်သစ်တပ်မတော်က ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှု ဖော်ထုတ် အရေးယူပေးဖို့ NUG ရဲ့ နေပြည်တော်တိုင်းစစ်ဌာန ထုတ်ပြန်လာတာ စတဲ့ ဖြစ်စဉ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်တွေမှာတော့ PDF တွေရဲ့ ပြည်သူအပေါ် သတ်ဖြတ်လုယက်မှုဖြစ်စဉ်သုံးခုနဲ့ ဒီလိုမျိုး PDF တွေ လက်နက်ကိုင်လာမှ တည်ငြိမ်အေးချမ်းမှုပျောက်ကွယ်ပြီး အလုံးစုံပျက်သုဉ်းမှုဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် ရွေးကောက်ပွဲကသာ ထွက်ပေါက်ရှိတော့လို့ ဒီလိုရွေးကောက်ပွဲဖြစ်မြောက်အောင် လိုအပ်နေတဲ့ တည်ငြိမ်အေးချမ်းမှုရရှိရေး ပြည်သူတွေ ဆောင်ရွက်ပေးဖို့ SAC ဥက္ကဋ္ဌ တိုက်တွန်းလာတာကို ဆက်နွှယ် သုံးသပ် တင်ပြချင်ပါတယ်။

သတင်းအမှားနဲ့ သားရှင်ပြုတော့မယ့် ရွှေဆိုင်ပိုင်ရှင်လင်မယားကို သတ်ဖြတ်တဲ့ ကြို့ပင်ကောက် PDF
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့မှာ နန်းဝတီ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးကို ကြို့ပင်ကောက် PDF အဖွဲ့က သေနတ်နဲ့ နားထင်တေ့ပြီး ဈေးလယ်ခေါင်မှာ မတ်လ ၁၂ ရက် မနက်ပိုင်းက သတ်ဖြတ် လိုက်ပါတယ်။ နန်းဝတီရွှေဆိုင်ပိုင်ရှင် ကိုလင်းလင်းထိုက်နဲ့ မခင်သီရိလွင်တို့ ဇနီးမောင်နှံကို ပျူစောထီး၊ ရွှေဆိုင်၊ ပဲ၊ ရောင်းဝယ်ရေးလုပ်ငန်းရှင်လို့ စွပ်စွဲပြီး လာသတ်ကြတဲ့ BTZM GBK PDF အဖွဲ့က ကိုလင်းလင်းထိုက်ကို မတွေ့လို မသတ်သွားဘဲ ဆိုင်မှာရှိနေတဲ့ မခင်သီရိလွင်ကို သီရိစံလို့ အမည်လွဲတပ်ကာ ပထမဦးစွာ ရင်ဘတ်ကိုပစ်ပြီးနောက် နားထင်ကို သေနတ်နဲ့တေ့ကာ အသေ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ ရက်စက်ရိုင်းစိုင်းတဲ့ သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ NUG ဩဇာခံ ကြို့ပင်ကောက် PDF အဖွဲ့က နန်းဝတီရွှေဆိုင်ပိုင်ရှင်ဇနီးမောင်နှံဟာ ပြည်သူတွေအပ်နှံထားတဲ့ စပါးနဲ့ပဲတွေကို အလွဲသုံးစားလုပ်ပြီး အပ်ထားတာ လာရောက်တောင်းယူသူတွေကို ဖမ်းဆီးခိုင်းတာကြောင့် သတ်ဖြတ်ခဲ့တာလို့ ထုတ်ပြန်စွပ်စွဲပြီး ခင်ပွန်းဖြစ်သူကိုလည်း ထပ်သတ်မယ်လို့ ဝန်ခံချက်ထုတ်ပြန် ခြိမ်းခြောက်ခဲ့ပါတယ်။
ဒီလို ရက်စက်စွာသတ်ဖြတ်မှု ကျုးလွန်တဲ့ ကြို့ပင်ကောက် PDF အဖွဲ့ရဲ့ အမျိုးသမီးတစ်ဦးအပေါ် အောက်တန်းကျစွာ သတ်ဖြတ်မှု မှားယွင်းတယ်လို့ ထပ်မံသတ်ဖြတ်ခံရမယ် ခြိမ်းခြောက်ခံထားရတဲ့ ခင်ပွန်းသည် ကိုလင်းလင်းထိုက်က လူမှုကွန်ရက်မှာဖြေရှင်းခဲ့ရာမှာ”မရေးချင်ပါဘူး။ မဖြေရှင်းချင်ပါဘူး။ ဒါပေမဲ့ ရှင်ပြုမဲ့ မောင်ရင်လောင်းတစ်ယောက်ရဲ့ မိခင်တစ်ယောက်လုံး ရက်ရက်စက်စက် အသတ်ခံရတဲ့အပြင် ငါ့စကားနွားရ သွားပုပ်လေလွင့်တွေပြောပြီး မဟုတ်မတရား စွပ်စွဲချက်တွေနဲ့ပါ သေသွားသူတစ်ယောက်အပေါ် နာမည်ဖျက်နေကြတဲ့ မီဒီယာအပေါင်းနဲ့ GBK PDF ဆိုတဲ့ဟာတွေ သိဖို့ ပြောပါရစေ။ ဒီလိုပြောလို့လည်း မင်းတို့ လာသတ်မှာကြောက်လို့ သွေးကြောင်ပြီး တောင်းပန်နေတာ မဟုတ်ပါဘူး။ မင်းတို့ကို ဓားပြတိုက်တယ်လို့ ပြည်သူတွေ အထင်မလွဲအောင် မဝေဝါးရအောင် ငါ ကိုလင်း ကပဲ ဖြေရှင်းပေးပါ့မယ်။ ဟုတ်ပါတယ်။ မင်းတို့ ငါ့ဆိုင်ထဲက အပ်တိုတစ်ချောင်းတောင်မယူသွားခဲ့ပါဘူး။ အမှန်ပါပဲ။ ဒါပေမဲ့ မင်းတို့ပြောတဲ့ ပျူစောထီးလင်မယားတို့ လယ်သမားတွေဆီက စပါးတွေကို အလွဲသုံးစားလုပ်တယ်တို့ မတရားလုပ်တယ်တို့ဆိုတာတွေ တစ်ခုမှမဟုတ်လို့ မင်းတို့ စိတ်ထင်တိုင်း မစဉ်းစားဘဲသတ်သွားတဲ့သူက မခင်သီရိလွင်ပါ။ မသီရိစံလည်း မဟုတ်ပါဘူး။ ငါတို့တွေ ဒီအခြေအနေရောက်ဖို့ ဒီလို လှူနိုင်တန်းနိုင်ဖို့ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အပူစာ တစ်ခုမှမပါဘဲ မျက်ရည်စာမပါဘဲ
ငါတို့ နဖူးကချွေး ခြေမ ကျလောက်အောင် ရှာထားတဲ့ ချွေးနည်းစာနဲ့ ငါတို့သားလေးကို ရှင်ပြုဖို့ကြိုးစားရင်း ရှင်ပြုပွဲအထမြောက်ဖို့ ၃ ရက်အလိုမှာ မင်းတို့ ရက်ရက်စက်စက် သတ်သွားခဲ့တာ။ ငါတို့လင်မယားမှာ နန်းဝတီရွှေဆိုင် လုပ်ငန်းကလွဲလို့ တခြား မင်းတို့ပြောတဲ့ ပဲ၊ စပါး ဘာညာဆိုတာ တစ်တင်း၊ တစ်တောင်းမရှိပါဘူး။ မင်းတို့ ထပ်လာသတ်မှာကြောက်လို့ လေပြေသွေးနေတာလည်း မဟုတ်ဘူး။ ကြိုက်သလို လုပ်လို့ရတယ်။ ဒါပေမဲ့ မင်းတို့အနေနဲ့ တစ်ခုခုလုပ်တော့မယ်ဆိုရင်တော့ သေချာအောင်တော့ လေ့လာသုံးသပ်ကြပေါ့ကွာ။ ငါတို့လင်မယားနဲ့ပတ်သက်လို့လည်း တိကျသေချာအောင် ထပ်လေ့လာပြီး မင်းတို့လိပ်ပြာ မင်းတိုသန့်နိုင်ကြပါစေ၊ လုံနိုင်ကြပါစေ။ ငါတို့လိုဘဝမျိုး အပြစ်မဲ့ပြည်သူတွေ မဖြစ်စေချင်လိုပါ။ မင်းတို့ထင်မြင်ယူဆချက်တွေ သတင်းတွေက လုံးဝကိုပြောင်းပြန်တွေ၊ အမှားတွေပါ။ မင်းတို့ မှန်တယ်ထင်လည်း လာသတ်လှည့်ပါ။ အချိန်မရွေးပါဘဲ။ မင်းတို့မှားခဲ့လည်း ငါ့မိန်းမအသက်ကတော့ ပြန်မရနိုင်တော့ပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်အတွက် အထွတ်အမြတ်ထားရာ သားရှင်ပြုပွဲမှာ သင်္ကန်းမပိုက်ရတဲ့အပြင် အခုလို အပုပ်ချပြောဆိုခံနေရတာ ငါ့မိန်းမအတွက် စိတ်မကောင်းလွန်းလို့ မခံစားနိုင်လို့ပါ”လို့ ဖြေရှင်းခဲ့သလို ကြို့ပင်ကောက် PDF မှားယွင်းသတ်ဖြတ်မဲ့ သူတို့ဇနီးမောင်နှံက မတ်လ ၁၅ ရက်မှာ ကျင်းပမယ့် သားဖြစ်သူရဲ့ ရှင်ပြုအလှူပွဲ ဒါယကာ၊ အလှူဒါယိကာမ ဖြစ်တယ်လို့လည်း ဖြေရှင်းခဲ့ပါတယ်။
ဒီဖြေရှင်းချက်နဲ့ လူထုဘက်က BTZM GBK အမည်ခံ ကြို့ပင်ကောက် PDF တွေ မှားယွင်းသတ်ဖြတ်ကြောင်း ဝေဖန်လာချိန်မှာ ကြို့ပင်ကောက် PDF က သူတို့ကို Messenger က လာပြောလို့ သတ်လိုက်တယ်ဆိုတာကို ချပြရုံကလွဲပြီး သက်သေမရှိချိန်မှာတော့ နန်းဝတီရွှေဆိုင်ပိုင်ရှင်လင်မယားကို မနာလိုလို့ လာချောက်ချရုံနဲ့ လက်နက်ကိုင်ထားလို့ လာသတ်ကြတယ်ဆိုတာကပါ ထပ်မံပေါ်လွင်လာပြီး BTZM GBK ရဲ့ လူ့အသက်တစ်ချောင်း တန်ဖိုးမထားမှု၊ ဥပဒေပ လူသတ်မှုကို ပေါ်လွင်စေခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို တရားလက်လွတ်သတ်မှုအတွက်တော့ NUG ရော ပဲခူးတိုင်းက PDF တွေရောကပါ BTZM GBK ကို စစ်ဆေးအရေးယူမယ်ဆိုတာမျိုး ဟန်ပြတောင် စာထုတ်တာမရှိလို့ နန်းဝတီရွှေဆိုင်ပိုင်ရှင်လင်မယားဖြစ်ရပ်ဟာ ပြည်သူ့ကြားမှာတော့ လက်နက်ကိုင်ထားတဲ့ PDF တွေကို စာတစ်ကြောင်းလောက်နဲ့ မြှောက်ပေး၊ ပိုက်ဆံနည်းနည်းလှူပြရုံနဲ့တင် လူသတ်ခိုင်းလို့ရ ထင်ရာစိုင်း သတ်ဖြတ်ခိုင်းလို့ရနေကြတယ် ဆိုတာမျိုးကို လူထုနားလည်စေခဲ့ပါတယ်။ ရှေ့လျှောက်မှာလည်း PDF တွေကို တစ်သိန်းလောက်လှူပြီး ဒီလူက “ဒလန်၊ သူလျှို”လို့ ချောက်ချလိုက်ရုံနဲ့ PDF တွေက လိုက်သတ်ကြမယ့်ဖြစ်စဉ်တွေ ပိုများလာတော့မယ်ဆိုတာ မြင်သာစေခဲ့ပါတယ်။

တခြား PDF လက်နက်ကိုင်တွေ ဆက်ကြေးကောက် သစ်ခိုးထုတ်တာ လက်မခံဘူးဆိုတဲ့ အုတ်ဖို PDF
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းက သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ စစ်ဆင်ရေးနယ်မြေအတွင်းမှာ မတ်လ ၁၆ ရက်က စတင်ပြီး မော်တော်ယာဉ်၊ သုံးဘီး၊ ဆိုင်ကယ်၊ ကျွဲ၊ နွား သွားလာခွင့် တားမြစ်လိုက်တယ်လို့ အုတ်ဖို PDF က ထုတ်ပြန်လာပြီး ဒီလို ထုတ်ပြန်ရတာက စစ်ဆင်ရေးများကြား ပြည်သူ မထိခိုက်စေဖို့၊ သစ်တော သယံဇာတွေ တရားမဝင် ခိုးထုတ်မှုကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့လို့ ပြောခဲ့သလို သူတို့ဟာ ဂိတ်ကြေး (ဆက်ကြေး) ကောက်ခံတာ၊ သစ်ခိုးထုတ်တာ လုံးဝ (လုံးဝ) လုပ်ဆောင်ခြင်း မရှိတာကြောင့် အခြား PDF အဖွဲ့အစည်းတွေ လုပ်ဆောင်တာကိုလည်း လက်မခံကြောင်း အုတ်ဖို PDF က ပြောလာပါတယ်။
ပြီးခဲ့တဲ့ နှစ်ထဲမှာ တော်လှန်ရေးအမည်ခံ PDF တွေဟာ ဆက်ကြေးကောက်၊ ဓားပြတိုက်ပြီး ရန်ပုံငွေရှာတာကို မလုပ်သင့်ကြောင်း ပခုက္ကူပကဖက ထုတ်ပြန်ဖူးသလို ဒီ ဖေဖော်ဝါရီနဲ့ မတ်လမှာ ရေနံတူး၊ ပြည့်တန်ဆာခန်းနဲ့ KTV ဖွင့်နေ ငွေရှာတဲ့ မြိုင် PDF တွေ၊ ရွှေထွက်ရာဒေသတွေသိမ်းထားပြီး ရွှေခိုးတူး၊ ဆက်ကြေးကောက်နေတဲ့ မန္တလေး PDF တွေကို သယံဇာတခိုးတူးလို့ SAC က ကြိုတင်သတိပေး ချေမှုန်းအပြီးမှာ အုတ်ဖို PDF က အသံကောင်း ထပ်ဟစ်လာတာပါ။ ဒါပေမဲ့ ဒီနေ့အထိတော့ PDF အဖွဲ့ရာချီဟာ နေရာအနှံ့မှာ ဝါးတားဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေတာကြောင့် လမ်းပိုင်းတစ်ခုတိုင်းမှာ PDF ဆက်ကြေးဂိတ်ဆယ်ချီရှိနေပြီး သူတို့က ဖြတ်သန်းခွင့်ကိုလည်း သိန်းချီတောင်းတာကြောင့် PDF ထိန်းချုပ်နယ်မြေက ပြည်သူတွေဟာ နောက်ဘုန်းကြီး ဆယ်ချက်လောက် အခေါက်ခံထားရတဲ့ ကုန်စျေးနှုန်းနဲ့ အငတ်ဘေးဆိုးကိုလည်း ရင်ဆိုင်နေရသလို ဒီလို PDF ဆက်ကြေးဂိတ်တွေကိုလည်း NUG က တားမြစ်နိုင်စွမ်းမရှိတာ၊ ဒီ ဆက်ကြေးရသမျှ NUG က ရနေတာကြောင့်လည်း ဟန်ပြပဲ တားနေတာ တွေ့ရပြန်ပါတယ်။

ချင်းလက်နက်ကိုင်တွေကို အရေးယူမယ်ဆိုတဲ့ NUG လက်အောက်ခံ PDF Zoland
ချင်းပြည်နယ်အတွင်းက ဇိုမီးလူမျိုးတွေ နေထိုင်ရာဒေသတွေမှာ လက်နက်မဲ့ပြည်သူလူထုအပေါ် ချင်းလက်နက်ကိုင်တွေက မတရားဖမ်းဆီး ထိန်းသိမ်းတာ၊ နှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေ ကျူးလွန်နေတဲ့လုပ်ရပ်တွေကို ဆက်တိုက် တွေ့ရှိနေရလို့ ဒီလိုကျူးလွန်မှုတွေကို အရေးယူမယ်လို့ NUG လက်အောက်ခံ PDF Zoland က အခြား ချင်းလက်နက်ကိုင်တွေရဲ့ လုပ်ရပ်အပေါ် ခြိမ်းခြောက်စာထုတ်ပြန်လာတာ တွေ့ရပါတယ်။
ဇိုမီးလူမျိုးတွေကို Chinland Council တပ်ဖွဲ့ဖြစ်တဲ့ CNF/CNA နဲ့ CDF-Tonzang က သတ်ဖြတ်မှုမှာဆို စိတ်ကျန်းမာရေးချို့ယွင်းသူ ပြည်သူ ၁ ဦးကို မနှစ်က ဒီဇင်ဘာ ၁၀ ရက်မှာ ဖမ်းဆီးရိုက်နှက်ပြီး သတ်ဖြတ်ခဲ့တာနဲ့ ၂ဝ၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှာ Bukphil ကျေးရွာနဲ့ Ngalbual ကျေးရွာအတွင်း နေထိုင်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦးကိုလည်း Chinland Council အဖွဲ့ဝင် CDF-Hualngoram ဖမ်းဆီးတာအပြင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့မှာလည်း Ngalbual ကျေးရွာနေ လက်နက်မဲ့ပြည်သူ (၂) ဦးကို လက်နက်ကိုင် ZRA က ဖမ်းဆီးရိုက်နှက်ပြီး သတ်ဖြတ်ခဲ့တာလို့လည်း PDF Zoland က ပြောပြီး ဒီလိုသတ်တာကို အပြင်းအထန် ရှုတ်ချကြောင်းနဲ့ ထပ်မံ ကျူးလွန်ရင် အရေးယူမယ်လို့ သတိပေးခဲ့တာပါ။
ချင်းပြည်နယ်မှာ AA နဲ့ NUG ကို လက်နက်ကိုင် သစ္စာခံတဲ့ ချင်းလက်နက်ကိုင် CNDF ၊ CDF ကန်ပက်လက်၊ CDF မတူပီ (တပ်မဟာ – ၁)၊ CDF မင်းတပ်၊ မရာလက်နက်ကိုင် MTC/MDF နဲ့ Zoland Defence Force (PDF Zoland) တို့ ပါဝင်တဲ့ ချင်းညီနောင် (Chin Brotherhood -CB) နဲ့ ချင်းတိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ CNA/ CNF မဟာမိတ်တပ်တွေနဲ့ စုဖွဲ့ထားတဲ့ ချင်းပြည်ကောင်စီ (Chinland Council – CC)ကိုသာ ချင်းတိုင်းရင်းသားတွေက နှစ်လိုကြပြီး ချင်းကျောင်းသူပါမချန် မုဒိမ်းကျင့်နေတဲ့ AA ဟာ ချင်းပြည်က ထွက်ခွာရေးပါ ဆန္ဒပြခံနေရတာပါ။ ဒီလို မကျေလည်မှုကြားမှာ CC နဲ့ CB ပေါင်းစည်းဖို့ လှုပ်ရှားမှုတွေရှိပေမဲ့ မြေပြင်မှာတော့ အင်အားပိုကောင်းတဲ့ ရခိုင် AA နဲ့ NUG ဩဇာခံ ချင်း PDF တွေ စုဖွဲ့ထားတဲ့ CB ဟာ ဌာနေချင်းလက်နက်ကိုင်တွေကို စွပ်စွဲအမြစ်ဖြုတ်ဖို့ ကြိုးပမ်းနေတာကိုပဲ တွေ့နေရလို့ ချင်းပြည်သူတွေဟာ ရခိုင် AA နဲ့ NUG ကို သစ္စာခံတဲ့ CB ကိုပါ ရွံကြောက်ဖြစ်နေတာကို မြင်လာနေရပါတယ်။
ရွေးကောက်ပွဲကျင်းပရေး အားလုံးဝိုင်းဝန်းကူညီပေးရမယ့် နိုင်ငံတော်တည်ငြိမ်ရေး
၂၀၂၅ ဒီဇင်ဘာ၊ ဒါမှမဟုတ် ၂၀၂၆ ဇန်နဝါရီမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လိုအပ်နေတဲ့ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှု ရှိစေရေး တိုင်းရင်းသားပြည်သူ အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးဖို့ SAC ဥက္ကဋ္ဌက မွန်ပြည်နယ်နေ့မှာ တိုက်တွန်းမှာကြားခဲ့သလို လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ဆူပူအကြမ်းဖက်မှုတွေ လုပ်ဆောင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပါဝင် ပတ်သက်သူတွေကလည်း ပြည်သူ ဒုက္ခရောက်စေပြီး နိုင်ငံကို အန္တရာယ်ကျရောက်စေတဲ့လုပ်ရပ်တွေကို နိုင်ငံနဲ့ပြည်သူအကျိုး ရှေးရှုပြီး ရပ်တန့်ပေးကြဖို့ပါ အသိပေးလာတာ တွေ့ရပါတယ်။
ဒါ့အပြင် SAC ဒုဥက္ကဋ္ဌကလည်း ကလောတပ်နယ်က အရာရှိ၊ စစ်သည်တွေနဲ့ ဒီနေ့ တွေ့ဆုံချိန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ဘယ်လာရုစ် သမ္မတနိုင်ငံတွေဆီ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီး သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအစောဆုံး ကျင်းပသွားဖို့စီစဉ်ထားကြောင်းကို ကမ္ဘာသိချပြဆွေးနွေးခဲ့တာကြောင့် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ မဲဆွယ်စည်းရုံးမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ဖို့အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး အရေးကြီးတာကြောင့် တပ်မတော်သားတွေက မိတ်ဖက် ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်(ဌာနေ)၊ ဒေသအလိုက် ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေက ဒေသခံပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး လုံခြုံရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်သွားဖို့နဲ့ လွတ်လပ် တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးရင် ရွေးချယ်ခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်၊ နိုင်ငံတော်သမ္မတ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် စသလို အဆင့်ဆင့်သော အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်မှာဖြစ်တာနဲ့ ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်ရဲ့ အာဏာကြီး ၃ ရပ် လွှဲပြောင်းပေးနိုင်မယ်လို့ ပြောကြားလာတာ တွေ့ရပါတယ်။
တပ်မတော်က မတရားလုပ်လို့ လက်နက်ကိုင်တော်လှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီတပ်မတော် ထူထောင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်ကိုင်ခဲ့တဲ့ NUG နဲ့ PDF တွေဟာ တပ်မတော်ထက်ဆိုးတဲ့ တရားလက်လွတ်သတ်ဖြတ်မှု၊ လုယက်၊ လူသတ်၊ မုဒိမ်းကျင့်မှု၊ ဆက်ကြေးကောက်မှု ရာထောင်ချီ ကျူးလွန်ထားပြီး ဒီလိုကျုးလွန်ထားတာကိုလည်း NUG က အရေးမယူနိုင်တာ၊ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်အောင်တိုက်မယ်ဆိုပြီး ပြည်သူ့ကို မက်လုံးပေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ သူတို့မြို့သိမ်းနိုင်ချိန်မှာ PDF တွေ ကန်ထုတ်ပြီး အနိုင်ကျင့်သတ်ဖြတ်တာ၊ တော်လှန်ရေးအကြောင်းပြပြီး ပြည်သူ့အလှူငွေကို NUG ထိပ်ပိုင်းတွေ၊ PDF ထိပ်ပိုင်းတွေနဲ့ PDF ထောက်ပို့တွေ လိမ်ညာကိုယ်ကျိုးရှာတာ၊ တပ်မတော်က ဒရုန်းတွေအသုံးပြုလာပြီးနောက်ပိုင်းမှာ စစ်ရေးချိန်ခွင်လျှာက တပ်မတော်ဘက်အလေးသာလာတာ စတဲ့ အခြေအနေတွေဟာ တစ်ဖက်နဲ့တစ်ဖက် အမြစ်မဖြုတ်နိုင်တော့သလို စစ်အီလာပြီး လက်နက်ကိုင်ကိုယ်ကျိုးရှာသူတွေကပဲ စစ်ပွဲအကြောင်းပြ လုပ်စားနေကြတာ လူထုက တွေးသိရတော့မှာပါ။
ဒီလိုမျိုး လက်နက်ပြ ကိုယ်ကျိုးရှာနေတာတွေ အမြန်ချုပ်ငြိမ်းဖို့ကလည်း ရွေးကောက်ပွဲ ထွက်ပေါက်ပဲရှိတော့ပြီး ဒီရွေးကောက်ပွဲထွက်ပေါက်ကနေ ဒီမိုကရေစီပြန်သွား၊ လက်နက်ပြကိုယ်ကျိုးရှာခဲ့သူတွေ၊ လုယက်သတ်ဖြတ်မုဒိမ်းကျင့်မှုကျူးလွန်ခဲ့တဲ့ လက်နက်ကိုင်တွေကို အရေးယူပြီးမှ ဖက်ဒရယ်တပ်မတော်ကို ထူထောင်ကြရင်း နိုင်ငံတော်တည်ငြိမ်စွာတိုးတက်ခြင်းကို သွားတာကပဲနိုင်ငံနဲ့ပြည်သူအတွက် အမှန်ဆုံးလုပ်ရပ်မို့လို့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြည်သူကူညီပေးသင့်ချိန်ဟာ တန်ရုံမက ကျော်လာနေပါပြီလို့ ယူဆမိတာသုံးသပ်ရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။