
၂၀. ၃. ၂၀၂၅
Written by Nay Moe
ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို ကယန်းပြည်သစ်တပ်မတော်က ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုဖြစ်ပွားခဲ့၍ ကျူးလွန်သူများအား ဖော်ထုတ်အရေးယူပေးရန် NUG ၏ နေပြည်တော် တိုင်းစစ်ဌာနက မတ်လ ၁၃ ရက် ညပိုင်းတွင် သတင်း ထုတ်ပြန်အပြီး ညှိနှိုင်းမှုများပြုလုပ်ရာ အဆုံးသတ်ရလဒ်မှာမူ ပျဉ်းမနားစစ်ကြောင်းမှူးကို သတ်သူများ အရေးယူပေးမည်ဆိုသည်နှင့် ကျေနပ်လိုက်ကြရသည်။
ပြီးခဲ့သည့် မတ်လ ၃ ရက် နေ့လယ် ၁ နာရီတွင် နေပြည်တော်တိုင်းစစ်ဌာန၏ ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းအား ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန်နှင့် တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ကယန်းပြည်သစ်နယ်မြေ၊ အမှတ်(၆) မြို့နယ် ဒုတပ်မဟာမှူးဖိုးခွားမှ လာရောက်ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် မတ်လ ၁၃ ရက်တွင် နေပြည်တော်တိုင်းစစ်ဌာနနှင့် မဟာမိတ်ညီနောင်အဖွဲ့အစည်းများ၏ စုံစမ်းထောက်လှမ်းပေးမှုအရ ကယန်းပြည်သစ် တပ်မတော် ရုံးစိုက်ရာနယ်မြေတစ်နေရာ၌ တော်လှန်ရေးဦးဆောင်သူ ရဲဘော်တစ်ဦးဖြစ်သည့် ရဲဘော်ကိုစိုင်း၏ရုပ်အလောင်းကို လူသားမဆန်စွာ ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ထားသော ဒဏ်ရာများစွာဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ကြောင့် ၁၉၆၄ ခုနှစ်က စတင်ဖွဲ့စည်းပြီး ဗကပတို့၏ မဟာမိတ်ဖြစ်သော ကယန်းပြည်သစ်ပါတီ (KNLP) နှင့် နေပြည်တော် PDF တာဝန်ရှိသူများက ကယန်းပြည်သစ်တပ်မတော်ရုံးစိုက်ရာနယ်မြေသို့ ၂၀၂၅ ခုနှစ် မတ်လ (၁၈) ရက်နေ့တွင် သွားရောက်ဆွေးနွေးခဲ့ရာ ကယန်းပြည်သစ်တပ်မတော်မှ နေပြည်တော်တိုင်းစစ်ဦးစီးအဖွဲ့ထံ ရဲဘော်ကိုစိုင်း ထံမှသိမ်းဆည်းခဲ့သော 9 mm Pistol တစ်လက်၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် Icom စကားပြောစက် တို့ကို ပြန်လည်အပ်နှံခဲ့ကာ နှစ်ဖက်အဖွဲ့အစည်းများမှ တော်လှန်ရေးမဟာမိတ်ညီနောင်အဖွဲ့အစည်းများရှေ့တွင် ရဲဘော်ကိုစိုင်းဖြစ်စဉ်နှင့်ပက်သက်၍ ပါဝင်ပက်သက်ခဲ့ကြသည့် ပြစ်မှုနှင့်သက်ဆိုင်သော ကျူးလွန်သူများ အားလုံးကိုဖော်ထုတ်အရေးယူပြီး နှစ်ဖက်အဖွဲ့အစည်းများ၊ မဟာမိတ်တပ်ပေါင်းစုများရှေ့တွင် ကယန်းပြည်သစ်တပ်မတော်မှ ပွင့်လင်းမြင်သာစွာ ချပြရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာနက စုံစမ်းစစ်ဆေးမှုအရ ကယန်းပြည်သစ် တပ်မတော်မှ တပ်စုမှူးသည် စစ်မြေပြင်တွင် နယ်မြေဝင်ရောက်ရှင်းလင်းရင်း မတော်တဆမိုင်းနင်းမိ၍ သေဆုံးမှု အထူးဝမ်းနည်းရန်၊ ရှေ့ဆက်၍ အလားတူဖြစ်ရပ်များမဖြစ်ပေါ်စေရန် အောက်ခြေတပ်မှူးများအထိ ခိုင်မာသောယုံကြည်မှု ရှိစေရေး ဆောင်ရွက်ရန်၊ နောင်ကာလများတွင်လည်း နှစ်ဖက်အဖွဲ့အစည်းများမှ လက်နက်အသုံးပြုပဋိပက္ခမဖြစ်ရေးကို အပြည့်အဝတာဝန်ယူ ကတိပြုရန်၊ တော်လှန်ရေးအကျိုးစီးပွားကိုရှေးရှု၍ အသေးအဖွဲကိစ္စများမှအစ အလျှင်အမြန်ညှိနှိုင်းဆောင်ရွက်ကြပြီး စစ်ရေးအရပူးပေါင်းဆောင်ရွက်နိုင်သည်အထိ ယုံကြည်မှုတည်ဆောက်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပျဉ်းမနားစစ်ကြောင်း စစ်ကြောင်းမှူးရဲဘော်ကိုစိုင်း ဖြစ်စဉ်အတွက် ပြစ်မှုကျူးလွန်သူများအား တရားမျှတစွာထိထိရောက်ရောက်အပြစ်ပေးအရေးယူနိုင်ရေးနှင့် အရေးယူမှုပြီးဆုံးသည်အထိဆက်လက်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်ဟု သိရသည်။