



၂၀. ၃. ၂၀၂၅
Written by Nyein Kyaw
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောဆုံး ကျင်းပသွားရန် စီစဉ်ထားကြောင်း ကမ္ဘာသိချပြခဲ့ပြီးဖြစ်၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့တွင် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံများသို့ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် ခရီးစဉ်များတွင်လည်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအစောဆုံး ကျင်းပသွားရန်စီစဉ်ထားကြောင်းကို ကမ္ဘာသိချပြဆွေးနွေးခဲ့ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ မဲဆွယ်စည်းရုံးမှုများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်နှင့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသဖြင့် မိမိတို့ တပ်မတော်သားများအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဒေသအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ယင်းကဲ့သို့ လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးပါက ရွေးချယ်ခံကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသည့် လွှတ်တော်၊ နိုင်ငံတော်သမ္မတ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ စသည်ဖြင့် အဆင့်ဆင့်သော အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်မည်ဖြစ်ပြီး ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်၏ အာဏာကြီး ၃ ရပ်အား လွှဲပြောင်းပေးနိုင်မည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။