
၂၀.၃.၂၀၂၅
Written By Zun
မသမာသူ လူတစ်စု၏ ဖမ်းဆီးခံရသူ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဘေးမသီရန်မခ နေအိမ်ပြန်ရောက်ပြီဖြစ်ကြောင်း ယင်းနှင့် နီးစပ်သူများထံမှ MT News က စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် မတ်လ ၁၈ ရက် နံနက်ပိုင်းက သာကေတ အမှတ်(၁)ဈေး လင်းလက်ရွှေစင် ရွှေဆိုင်သို့ သွားရောက်ရန် နေအိမ်မှ ခြံအပြင်သို့ ထွက်သည့်အချိန် ကားတစ်စီးဖြင့် ရောက်လာသည့် မသမာသူ လူလေးဦးက ထိုရွှေဆိုင်ပိုင်ရှင်အမျိုးသမီးကိုချုပ်၍ ဖမ်းဆီးပြီး ကားပေါ်တင်ခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်မှ အဖမ်းခံရသူ အမျိုးသမီးမှာ ဒဏ်ရာဒဏ်ချက်များလည်း မရရှိဘဲ၊ ဘေးမသီ ရန်မခ နေအိမ်သို့ ယနေ့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
“သူအပါအဝင် သူ့ကို ဖမ်းသွားတဲ့ ကားနဲ့ လူတွေ ကို လှိုင်သာယာမြို့နယ်ထဲမှာ တွေ့တယ်လို့ ပြောတယ်။ လုံခြုံရေးအဖွဲ့က လှိုင်သာယာထဲမှာ ဖမ်းမိတာတဲ့။ အဆက်အသွယ်ကောင်းကောင်းနဲ့ ချိတ်ဆက်လုပ်ဆောင်ကြတာဖြစ်လို့ ဖမ်းမိတာလို့ ကြားပါတယ်။ အဲဒီအမျိုးသမီးရဲ့ ရွှေထည်ပစ္စည်းတွေလည်း အားလုံး ပြန်ရတယ်”ဟု အဆိုပါအမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
မသမာသူ အမျိုးသား လေးဦးက ဖမ်းဆီးချုပ်နှောင်၍ ကားတစ်စီးပေါ်တင်သွားခံရသူမှာ အသက် ၄၃ နှစ်ခန့်အရွယ် ရခိုင်ပြည်နယ် မာန်အောင်ဇာတိ ရခိုင်တိုင်းရင်းသူ အပျိုကြီးဒေါ် စန္ဒာလင်း(ခေါ်) မိထုပ် ဖြစ်ပြီး ယင်းမှာ သာကေတမြို့နယ် ထူပါရုံ ၂၂ လမ်းတွင် တစ်ဦးတည်းနေထိုင်၍ သာကေတ အမှတ်(၁)ဈေးတွင် လင်းလက်ရွှေစင် ရွှေဆိုင်ဖွင့်လှစ် ရောင်းချ နေ သူဖြစ်ကြောင်း MT News က ဖော်ပြခဲ့ပြီး ဖြစ်သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ရန် ရှိနေသေးသောကြောင့် သက်ဆိုင်ရာက မထုတ်ပြန်သေးကြောင်း၊ အသေးစိတ်ဖြစ်စဥ်များကို မကြာမီ ထုတ်ပြန် သိရှိရမည်ဖြစ်ကြောင်းလည်း MT News က စုံစမ်းသိရှိရသည်။