
၂၀ .၃ .၂၀၂၅
Written by Hey Mar
အွန်လိုင်းကနေ ဖုန်းရောင်းသူ အမျိုးသမီးတစ်ဦးကို အမျိုးသား(၂) ဦးမှ လိုင်းပေါ်ကနေ ဝယ်ယူဟန်ဆောင်ကာ ချိန်းဆိုပြီး ဓားနဲ့ ထိုးခုတ် လုယက်မှု မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အရှေ့ရွှေကျင်တောင်ခြေမှာ မနေ့က မတ်လ ၁၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ သွားခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ်။
အဆိုပါ အမျိုးသမီးကို ချိန်းဆိုတဲ့နေရာမှာ လူသွားလာမှု ပြတ်တောက်တဲ့နေရာဖြစ်ပြီး အဲဒီနေရာကို အမျိုးသမီးက တစ်ဦးတည်းလာခဲ့တာလို့လည်း ဖြစ်စဉ် အခြေအနေကို ပြောပြပါတယ်။
ရွှေကြေးစည် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကျွန်တော်တို့ကို ပုသိမ်ကြီးရဲစခန်းက လှမ်းခေါ်လို့ သွားကူညီဖြစ်တာပါ။ ဟိုရောက်တော့ အမျိုးသမီးက သွေးအိုင်ထဲမှာ ဒဏ်ရာက သေးတာရော၊ ကြီးတာရော၊ ပြတ်ရှဒဏ်ရာများပါတယ်။ ထိုးသွင်းတော့မဟုတ်ဘူး။ ဆယ်ချက်နီးပါးပဲ။ သူကံကောင်းလို့ အသက်အန္တရာယ်မဖြစ်တာပါ။ ကုတ်ပိုးက ဒဏ်ရာကတော့ အတော်များတယ်။ ဒီနေ့တော့ ဆေးရုံပေါ်မှာ အခြေအနေအတော် ကောင်းမွန်နေပါပြီ” လို့ ပြောပါတယ်။
လုယက်၊ ဓားခုတ်မှု ကျူးလွန်ခံရသူ အမျိုးသမီးမှာ အသက် ၂၇ နှစ်အရွယ်လို့ သိရပြီး ပြစ်မှုကျူးလွန်ခဲ့သူတွေက လူငယ်အမျိုးသားနှစ်ဦးလို့ ကာယကံရှင်က သက်ဆိုင်ရာထံ ထွက်ဆိုထားကာ ကျူးလွန်သူတွေကိုဖမ်းဆီးရမိနိုင်ရေး သက်ဆိုင်ရာက ဆက်လက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။