
၂၀.၃.၂၀၂၅
Written By Zun
နှိမ်နင်းမှုပြုလုပ်ခံနေရသော နာမည်ကြီး ကျားဖြန့်ဂိုဏ်းတည်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်ရှိ ရထိုက်အင်တာနေရှင်နယ် ဟို တယ်တွင် ယနေ့ မတ်လ ၂၀ ရက် နံနက်က မီးလောင်ခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
မီးငြှိမ်းသတ်ရန်အတွက် အဆောက်အဦအတွင်း တပ်ဆင်ထားသော မီးသတ်စနစ်ကို အသုံးပြု၍ ကနဦး အနေဖြင့် ကြိုးစားခဲ့ကြပြီးနောက် မီးလောင်သည့် သတင်းမှာ ပျံ့နှံ့သွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာနေရာသို့ ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ကြသောကြောင့် မွန်းလွဲပိုင်းကျမှ မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ ဟိုတယ်၏ ၁၀ ထပ်မှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆုံးရှုံးမှုကို မသိရသေးကြောင်း ဒေသတွင်း သတင်းများက ဖော်ပြကြသည်။

အဆိုပါ ဟိုတယ်အဆောက်အဦကို တရုတ်စီးပွားရေးလုပ်ငန်းအကြီးဆုံး “Ya Tai” Group က ပိုင်ဆိုင်ကြောင်း၊ မီးလောင်နေသည်ကို ထိုင်းနိုင်ငံဘက်ခြမ်း Ban Wang Kaew က ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ကြောင်း သိရ သည်။