
၂၀.၃.၂၀၂၅
Translated by Htwe Ko Tun
နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်အဘူဂျာ အနီးမှာ မတ်လ ၁၉ ရက်က နောက်တွဲယာဉ်တစ်စီးက ရပ်ထားတဲ့ ကားတွေကို အရှိန်ပြင်းစွာဝင်တိုက်မိခဲ့ရာမှာ အနည်းဆုံး လူခြောက်ဦးသေဆုံးခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
အဖြစ်အပျက်က အဘူဂျာမှ ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ အေယိုမြို့ရှိ ညန်ရတံတားအနီးမှာဖြစ်ခဲ့တာပါ။ ဘိလပ်မြေတွေသယ်လာတဲ့ နောက်တွဲယာဉ်က အရှိန်မထိန်းနိုင်ဘဲ ရပ်ထားတဲ့ မော်တော်ကား ၁၄ စီးကို ဝင်တိုက်မိခဲ့တာလို့ ရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် မီးလောင်မှုဖြစ်ကာ ကား ၁၄ စီးစလုံး မီးခိုးများ အုံ့ဆိုင်းနေတာတွေ့ရတယ်လို့ ကြေညာချက်က ဖော်ပြခဲ့ပါတယ်။ မော်တော်ကားတွေပေါ်က လူတွေနဲ့ အနီးပတ်ဝန်းကျင်ကလူတွေပါ ဘေးအန္တရာယ်ကင်းစေဖို့အလုအယက်ကြိုးပမ်းခဲ့ကြတာတွေ့ရပါတယ်လို့လည်း ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။

ယာဉ်တိုက်မှုအပျက်အစီးတွေအကြားက သေဆုံးသူ ခြောက်ဦးတွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါ တယ်။ ဒါပေမယ့် ဆေးပညာရှင်တွေရဲ့ အတည်ပြုချက်ရယူရဦးမယ်လို့တော့ ဆိုပါတယ်။
အာဖရိကရဲ့လူဦးရေအထူထပ်ဆုံး နိုင်ဂျီးရီးယားနိုင်ငံမှာ ကုန်ပစ္စည်းတွေပို့ဆောင်ဖို့ ထိရောက်တဲ့ရထား လမ်းစနစ်မရှိတာကြောင့် ကားလမ်းနဲ့သာပို့ဆောင်နေရပြီး အဲဒါကြောင့် ယာဉ်မတော်တဆမှုတွေလည်း မကြာခဏဖြစ်လေ့ရှိတာတွေ့ရပါတယ်။
Ref- AP