
၂၀.၃.၂၀၂၅
Written By Hey Mar
အမေအရင်းကို သားအရင်းက လမ်းဘေးစွန့်ပစ်ထားခဲ့တဲ့အတွက် ပရဟိတအသင်းက ခေါ်ယူစောင့်ရှောက်ကာ စွန့်ပစ်ခံအဘွားက နေရပ်ပြန်နေလိုတယ်ဆိုတာကြောင့် အဘွားရဲ့နေရပ်က ပရဟိတအသင်းတွေနဲ့ ချိတ်ဆက်ကာ ဘိုးဘွားနားခိုရာနေရာတစ်ခုခုဆီ ပို့ဖို့ စီစဉ်နေတယ်လို့ လက်ရှိအကူအညီပေးနေတဲ့ ရဲစုကြီးလူမှုကူညီရေးအသင်းဥက္ကဋ္ဌက MT News ကို ပြောပါတယ်။

စွန့်ပစ်ခံရတဲ့အဘွားက ပန်းနာရင်ကြပ်ရောဂါခံစားနေရတဲ့ အသက်(၅၈)နှစ်ဝန်းကျင်သာရှိသေးသူ အမည် ဒေါ်ဌေးကြည်လို့ သိရပြီး မအူပင်မြို့မှာနေထိုင်သူလို့ သိရပါတယ်။ အဘွားကို စွန့်ပစ်သွားတဲ့နေရာက ရန်ကုန်မြို့၊ ထောက်ကြန့်၊ မြို့ရှောင်လမ်းပေါ်က ကိုကာကိုလာစက်ရုံဘေးမှာစွန့်ပစ်ခဲ့တာလို့ သိရပါတယ်။
ကူညီခေါ်ဆောင်ထားတဲ့ ရဲစုကြီးပြည်နယ်နှင့် တိုင်းပရဟိတအသင်းမှ ဥက္ကဋ္ဌက “အသက်က ၅၈ နှစ်ဆိုတာက အသက်ကြီးတဲ့ထဲ မပါသေးပါဘူး။ ဒါပေမယ့် လောကဓံ အထုအထောင်းတွေနေမှာပေါ့။ အခုလည်း အားယုတ်၊ အားပြတ်၊ စိတ်ထောင်းကိုယ်ကြေနေပုံရတယ်။ အားပေးစကားပြောပြီး ခေတ္တခဏ စောင့်ရှောက်ထားပါတယ်။ မအူပင်က အသင်းတစ်သင်းလည်း ရန်ကုန်ကို ဆင်းလာနေပြီ။ အဘွားကို သူတို့ ဆက်ကူညီမယ်လို့” MT News ကိုပြောပါတယ်။

အဘွားဒေါ်ဌေးကြည်ရဲ့သားဖြစ်သူက သူနဲ့ ရန်ကုန်အဖော်လိုက်ခဲ့ဖို့နဲ့ ဆေးခန်းပါပြပေးမယ်ဆိုပြီး ခေါ်ယူခဲ့ကာ လိုင်းကားအဆင့်ဆင့်နဲ့ ထောက်ကြန့်မြို့ရှောင်လမ်းထိရောက်ခဲ့ပြီး စက်ရုံရှေ့အရောက်မှာ ပိုက်ဆံ နှစ်ထောင်ပေးကာ သူ့ကို ခဏစောင့်ဖို့ မှာပြီး ပြန်မလာတော့တာလို့ သိရပါတယ်။ အဘွားဒေါ်ဌေးကြည် အဲ့ဒီစက်ရုံရှေ့မှာရှိနေတာ မတ်လ ၁၇ ရက်နေ့ကတည်းဖြစ်ပြီး ရဲစုကြီးအသင်းက မနေ့က ညကမှ လမ်းဘေးနေထိုင်နေတဲ့အဘွားကို တွေ့ရှိမေးမြန်း ကူညီနိုင်ခဲ့တာလို့လည်း သိရပါတယ်။
“အဘွားပြောပြတာတော့ သူ့သားရဲ့ ဇနီးက အဘွားကို မကြည်ဖြူတာမို့ မတည့်ကြဘူးတဲ့။ နေထိုင်စဉ်ကလည်း မကြာခဏ ကတောက်ကဆဖြစ်ပြီး အဘွားမှာ စိတ်မချမ်းသာရဘူးပေါ့။ အဲ့လိုကြောင့်စွန့်ပစ်သွားတာလို့ သူကထင်နေတယ်။ သူပြောတဲ့လိပ်စာတွေဆီ သူ့သား ပြန်ရောက်မရောက်စုံစမ်းနေတယ်။ စွန့်ပစ်ခဲ့တာမှန်ကန်ရင် အဘွားကို ပရဟိတအသင်းတွေကပဲ စောင့်ရှောက်ပေးလိမ့်မယ်။ သူတို့ဆီ ပြန်မထားတော့ဘူး။ စိတ်ဆင်းရဲတာပဲ အဖတ်တင်မှာ” လို့ ရဲစုကြီးပြည်နယ်နှင့်တိုင်းပရဟိတအသင်းမှ ဥက္ကဋ္ဌက ဆက်လက်ပြောပါတယ်။