
၂၀. ၃. ၂၀၂၅
Written by Hey Mar
လူနာတင်ယာဉ်ကို ဆိုင်ကယ်က ဝင်တိုက်ပြီး ဆိုင်ကယ်သမား ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် မနေ့က မတ်လ ၁၉ ရက်နေ့ မနက် ၁၀ နာရီခန့်က မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြရွာအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ရွှေလင်းယုန် ပရဟိအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ် ဖြစ်ပွားပုံက သထုံဘက်လားရာကနေ ဆိုင်ကယ်စီးနင်းလာတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားက ရန်ကုန်ဘက် လားရာအတိုင်းမောင်းနှင်လာတဲ့ ရန်ကုန်အခြေစိုက် ထာဝရနှလုံးလှလူမှုကူညီရေးအသင်းကားကို အရှိန်လွန် လမ်းကြောမှားဝင်လာပြီး တိုက်မိခဲ့တာလို့ သိရပါတယ်။
ရွှေလင်းယုန် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “လူနာတင်ယာဉ်က ဝင်တိုက်ခံရတာပါ။ ရန်ကုန်ကနေ ကြခတ်ကုန်းကို ဆေးရုံကြီးက ကင်ဆာ လူနာပြန်ပို့တာပါ။ အခု ကားက ဆက်သွားဖို့ အဆင်မပြေတော့လို့ လူနာတင်ယာဉ်ပေါ်က ကင်ဆာလူနာကို ကျွန်တော်တို့ ရွှေလင်းယုန်က ဆက်လက် ပို့ဆောင်ပေးနေပါတယ်” လို့ MT News ကို ပြောပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်သူမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်မှာလည်း တစ်ဖက်လမ်းကြော (ဆိုင်ကယ်နဲ့ လားရာတူ) ကနေမောင်းနှင်လာတဲ့ ကန်တာကားအောက်ကို ရောက်ရှိပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရ လူနာကို သိမ်ဆိပ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရာ အဲ့ဒီကနေ ထပ်မံလွှဲပြောင်းတာကြောင့် သထုံဆေးရုံကြီးဆီ ပို့ဆာင်ပေးခဲ့တယ်လို့ သိရပါတယ်။