
ပုံစာ- ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းရှိ မတ်ပဲစိုက်တောင်သူများကို တွေ့ရစဉ်။
ပဲစတင်ပေါ်ချိန်၌ပင် မတ်ပဲတစ်တင်း ကျပ်တစ်သိန်းဝန်းကျင်ရှိ၊ ပုံမှန်စိုက်ဧကများ တစ်ဧက တင်း ၂၀ ဝန်းကျင်ထွက်ရှိဟု သိရ
၂၀. ၃. ၂၀၂၅
Written by Nyein Kyaw
အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အိန္ဒိယကူးသန်းရောင်းဝယ်ရေး ဌာနသည် မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်းခွင့်ပြုသည့်ကာလကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် (၆၄/၂၀၂၄-၂၅) ဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
အိန္ဒိယနိုင်ငံသည် ယခင်နှစ်တွင် မတ်ပဲနှင့် ပဲစင်းငုံလွတ်လပ်စွာ တင်သွင်းခွင့် ကြေညာချက်ကို တစ်ပြိုင်နက်တည်းကြေညာလေ့ရှိသော်လည်း ယခုနှစ်တွင် ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကိုသာ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၄-၂၅) ဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲဲ့ပြီး မတ်ပဲ လွတ်လပ်စွာတင်သွင်းခွင့်အား ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လမ်းညွှန်ချက်ဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးခြင်း၊ သံတမန်လမ်းကြောင်းမှ ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံဘက်မှ မတ်ပဲ လွတ်လပ်စွာတင်သွင်းမှုအား သက်တမ်းတိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။
အိန္ဒိယအစိုးရက ပဲစင်းငုံနှင့် မတ်ပဲလွတ်လပ်စွာတင်သွင်းခွင့်ပြုသည့်ကာလအား ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြင့် မြန်မာ့ပဲစိုက်တောင်သူများ၊ ပဲကုန်သည်လုပ်ငန်းရှင်များ ဈေးကွက်ခိုင်မာမှုရှိခြင်း၊ ဈေးကွက်ဈေးနှုန်း မှန်ကန်စွာရရှိနိုင်ခြင်း၊ ပဲစိုက်တောင်သူများ ဝင်ငွေတိုးတက်စေပြီး ကွင်းဆက်တလျှောက်လုံးအတွက် အကျိုးရှိစေမည်သည်။
အလားတူ အိန္ဒိယနိုင်ငံဘက်မှ ပဲတင်သွင်းသူများ၊ ကုန်ကြမ်းမှကုန်ချောအဖြစ် ထုတ်လုပ်သူ စက်မှုလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများအတွက်ပါ အကျိုးရှိစေခြင်း၊ ကုန်သည်လုပ်ငန်းရှင်များအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ သုံးသပ်ထုတ်ပြန်ထားသည်။
ယခုနှစ် ပဲစိုက်ရာသီတွင် မတ်ပဲစတင်စိုက်ပျိုးသည့် မြေရိုင်းများသည်ပင် တစ်ဧက ၁၀ တင်းဝန်းကျင် ထွက်ရှိပြီး ပုံမှန်စိုက်ဧကများတွင် တစ်ဧက တင်း ၂၀ ဝန်းကျင်ထွက်ရှိကြောင်း သိရပြီး လက်ရှိမတ်ပဲစတင်ပေါ်ချိန်၌ပင် မတ်ပဲဈေးနှုန်းသည် တစ်တင်းလျှင် ကျပ်တစ်သိန်းဝန်းကျင်ရှိကြောင်း ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ်ရှိ ပဲစိုက်တောင်သူများထံမှ သိရသည်။