
၂၀. ၃. ၂၀၂၅
Written by Hey Mar
လမ်းဘေးရေနုတ်မြောင်းထဲ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ဒီနေ့မနက် ၆ နာရီခန့်က တွေ့ရှိဆယ်ယူခဲ့ရတဲ့ဖြစ်စဉ် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁၂၀) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
အဆိုပါအမျိုးသားမှာ အသက် ၃၅ နှစ်ဝန်းကျင်ခန့်လို့ ခန့်မှန်းသိရှိရပေမဲ့ အမည်၊ နေရပ်လိပ်စာ မသိရှိရဘဲ ယာဘက် နဖူးပွန်း၊ ယာဘက် နားထင်ပေါက်ပြဲ၊ ယာဘက်မျက်လုံး ဖူးယောင်၊ နှာခေါင်းသွေးထွက်ဒဏ်ရာတွေနဲ့ ရေမြောင်းထဲ ပြုတ်ကျသေဆုံးနေတာလည်း ဖြစ်ပါတယ်။

ရုပ်အလောင်းသွားရောက်သယ်ဆောင်ပေးတဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “သက်ဆိုင်ရာက ကျွန်တော်တို့အသင်းကို ရုပ်အလောင်းလာသယ်ပေးဖို့ ခေါ်လို့ သွားရောက်သယ်ဖြစ်တာပါ။ ရေကတိမ်ပါတယ်။ အလောင်းက ပက်လက်တွေ့ရတယ်။ အနီးအနားကလူတွေ ပြောတာတော့ မနက်နှစ်နာရီ သုံးနာရီလောက်ကတည်းက ဆိုက်တွဲတစ်စီး ဓာတ်တိုင်ဝင်တိုက်တာကို တခြားတစ်စီးက သယ်သွားတာတွေ့လိုက်တယ်ပေါ့။ လူကတော့ ခုမနက်မှ တွေ့တာ”လို့ မြေပြင်အခြေအနေမှာ အကြမ်းဖျင်းသိရှိရတာကို ပြောပြပါတယ်။
သေဆုံးတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံကြီးဆီ အဖြူရောင် ပရဟိတအသင်းယာဉ်နဲ့ ပို့ဆောင်ပေးထားပြီး ဆေးရုံက PR-92 နဲ့ လက်ခံထားရှိကာ ရေနစ်သေဆုံးတဲ့ ပိုင်ရှင်မဲ့ ရုပ်အလောင်းအဖြစ် ဆေးစာရေးသားဖွင့်လှစ်ထားပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ်ကိုလည်း သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။