
၂၀၁၄ ခုနှစ်မှစတင်၍ အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့သော အသေးစားငွေရေး ကြေးရေးလုပ်ငန်းများ ၂၀၂၀ ပြည့်နှစ်နှင့် ကိုဗစ်-၁၉ ရောဂါနောက်ပိုင်းကာလများတွင် သိသာစွာကျဆင်းသွားဟု ဆို
၂၀. ၃. ၂၀၂၅
Written by Nyein Kyaw
လက်ရှိတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ထုတ်ချေးငွေလက်ကျန်ငွေ ကျပ်ဘီလျံ ၇၇၀ ကျော် လျော့နည်းသွားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယမန်နေ့တွင် ပြုလုပ်သည့်အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။
၂၀၁၄ ခုနှစ်မှစ၍ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍတွင် ပြည်ပမှရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံခြင်း၊ ပြည်တွင်းလုပ်ငန်းရှင်များ ပိုမိုပါဝင်လာခြင်းတို့ကြောင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းမှစ၍ ကိုဗစ်-၁၉ ကမ္ဘာ့ရောဂါဖြစ်ပွားမှု နောက်ပိုင်းကာလများတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုများ သိသာစွာကျဆင်းသွားသည်ကို အသေးစားငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီများက တင်ပြသည့်စာရင်းဇယားများအရ စိစစ်တွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလစာရင်းများအရ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးကဏ္ဍတွင် အသေးစားငွေရေးကြေးရေးကုမ္ပဏီ ၁၇၇ ခုမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုရှိ မြို့နယ် ၂၀၂ မြို့နယ်၊ ရပ်ကွက် ၁၉၀၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၄၈၈ အုပ်စု၊ ကျေးရွာ ၂၄၃၁၇ ရွာ၊ အသင်းဝင်ဦးရေ ၂ ဒသမ ၈၅၅ သန်း၊ ထုတ်ချေးငွေလက်ကျန်ငွေ ကျပ် ၂,၀၁၂ ဒသမ ၀၂၁ ဘီလျံရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
သို့ရာတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ အတိုးတက်ဆုံးအခြေအနေဖြစ်သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလစာရင်းနှင့် နှိုင်းယှဉ်ပါက ပြည်နယ်နှစ်ခု၊ မြို့နယ် ၅၇ မြို့နယ်၊ ရပ်ကွက် ၃၄၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၁၇ အုပ်စု၊ ကျေးရွာ ၁၉၉၁ ရွာ၊ အသင်းဝင်ဦးရေ ၂ ဒသမ ၈၅၆ သန်း၊ ထုတ်ချေးငွေလက်ကျန်ငွေ ကျပ် ၇၇၁ ဒသမ ၀၁၅ ဘီလျံလျော့နည်းသွားကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။