
၂၀.၃.၂၀၂၅
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့နယ်၊ နိုင်သာယာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ရှိ ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူအချို့ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ခဲ့ပြီး တိမ်းရှောင်နေသော လက်ထောက်မူလတန်းပြဆရာ ဦးအောင်သူဝင်းကို ဘုရားငုတ္တိုကျေးရွာအုပ်စု၊ အရှေ့ကုန်းရွာရှိ ၎င်းမိဘများ ပိုင်ဆိုင်သည့် ဥယျာဉ်ခြံတွင် မတ်လ ၁၈ ရက် ည ၇ နာရီကျော်က ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဦးအောင်သူဝင်းမှာ နိုင်သာယာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ၈ နှစ်ခန့်ရှိပြီးကျောင်းသားကျောင်းသူများအပေါ် လိင်အမြတ်ထုတ်သည်မှာ ၃ နှစ်ခန့်ရှိကြောင်း သိရသည်။
ကျောင်းဆရာ ဦးအောင်သူဝင်းက ကျောင်းဖွင့်ရက် ညနေစာသင်ချိန်နှင့် ကျောင်းဆင်းပြီးချိန်များတွင် ကျောင်းသား၊ ကျောင်းသူအချို့ကို ၎င်း၏နားနေခန်းတွင် မဖွယ်မရာပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကျောင်းဆရာ၏ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်မှုကို ကျောင်းသားအချို့က မိဘများကို အသိပေးခဲ့ရာမှ ယခုနှစ် ဖေဖော်ဝါရီ တတိယပတ်တွင် ကျုးလွန်ခံရသူမိဘများနှင့် ကျောင်းတာဝန်ရှိသူများက သိရှိခဲ့ကြသည်။
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကျုးလွန်ခံရသူ ကျောင်းသားကျောင်းသူများမှာ ၁၀ ဦးကျော်ရှိပြီး ကျောင်းဆရာ ဦးအောင်သူဝင်းက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ ကျောင်းသို့ မလာတော့ဘဲ ခွင့်မဲ့ပျက်ကွက်ခဲ့ရာ ကျောင်းဘက်မှ ၎င်း၏တာဝန်များကို ရပ်ဆိုင်းထားခဲ့သလို ထွက်ပြေးတိမ်းရှောင်နေသော ကျောင်းဆရာကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေရာမှ ပြန်လည်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျောင်းဆရာက ကျောင်းတွင် အချိန်ပိုသင်ကြားပြီး ညပိုင်းတွင် Grade -7 မှ ကျောင်းသားတစ်ဦးကို အဖော်ခေါ်အိပ်ကာ ဓမ္မတာနှင့်ဆန့်ကျင်၍ လိင်ဆက်ဆံမှုပြုလုပ်ခဲ့သဖြင့် ဖေဖော်ဝါရီလ ၂၆ ရက် စာမေးပွဲပြီးဆုံးချိန်တွင် ကျောင်းသားမိဘတစ်ဦးက အင်းတကော်နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
“ဒီဆရာက ကျောင်းသားကျောင်းသူတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ ကျုးလွန်မှုတွေရှိတယ်ဆိုပြီး သတင်းတွေထွက်လာလို့ ကျောင်းဆရာဆီမှာ ညအိပ်သွားနေတဲ့သားကို သူ့အဖေက မေးကြည့်တော့မှ အဓမ္မမှုကျုးလွန်တယ်ဆိုတာကို သိခဲ့ရတာ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အလားတူ ကျောင်းဆရာ ဦးအောင်သူဝင်းထံ ကျုရှင်တက်သော ၅ တန်းကျောင်းသူတစ်ဦးကိုလည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစ၍ စာသင်ခန်းထဲ၌ ကျောင်းသားကျောင်းသူများ မရှိချိန်၌ ဦးအောင်သူဝင်းက ၎င်း၏ ဗိုက်ကိုပွတ်ခိုင်းခြင်း၊ အတွင်းခံဘောင်းဘီကို ပြသခြင်း၊ အတွင်းခံဘောင်းဘီအားချွတ်၍ ယောင်္ကျားတန်ဆာအားပြသခြင်း၊ ကိုင်ခိုင်းခြင်းများကို ၈ ကြိမ်ခန့် ပြုလုပ်ခဲ့သဖြင့် ယခုနှစ် မတ်လဆန်းက အင်းတကော်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့သည်။