
၂၀.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊လန်းလီ(Langley)မြို့ရှိ စီအိုင်အေခေါ် ဗဟိုထောက် လှမ်းရေးအေဂျင်စီ အပြင်ဘက်မှာ တရားခံတစ်ဦးက ပုန်းအောင်းနေရာယူကာ ပိတ်ဆို့တားဆီးမှု ပြု ပြီးတဲ့နောက် ဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြတဲ့ ဖြစ်ရပ်တစ်ခု မတ်လ ၁၉ ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Fairfax ခရိုင်ရဲတပ်ဖွဲ့ကတော့ နံနက် ၁၁ နာရီ ၁၅ မိနစ်မှာ စီအိုင်အေဌာနချုပ် အပြင်ဘက်မှာ ပစ်ခတ်မှုတွေ ဖြစ်နေလို့ Georgetown Pike နဲ့ Savile လမ်းအကြား နှစ်ဖက်စလုံးကို ယာဉ်အသွားအလာ ပိတ်ဆို့ခဲ့တယ်လို့ ပြောပါတယ်။

လေးနာရီကြာပစ်ခတ်မှုတွေအပြီးမှာ သေနတ်သမားက လက်နက်ချခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။ ဗီဒီယို ပြသချက်တွေအရတော့ ရွှေရောင်ဆံပင်နဲ့ မုတ်ဆိတ်မွှေးလည်းရှိတဲ့ သေနတ်သမားက အသားရောင်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားကာ ရဲအရာရှိတွေက ဖမ်းဆီးခေါ်ဆောင်သွားတာတွေ့ကြရပါတယ်။
WUSA သတင်းဌာနရဲ့ပြောကြားချက်အရတော့ တရားခံသေနတ်သမားက လက်နက်ကိုင်ဆောင်ထားပြီး စိတ်ကျန်းမာရေးအခြေအနေနဲ့ တွေ့ကြုံနေရသူလို့ဆိုပါတယ်။ ဒီလို ပုန်းအောင်းနေရာယူကာ ပိတ်ဆို့တားဆီးမှု ပြုလုပ်မှု ဘယ်လိုပုံစံနဲ့ စဖြစ်လာသလဲ သေချာမသိရသေးပါဘူး။
ပစ်ခတ်မှုဖြစ်ပွားနေချိန်မှာ စီအိုင်အေက ဌာနချုပ်အပြင်ဘက်မှာ ပစ်ခတ်မှုဖြစ်နေတယ်လို့ အတည်ပြု တဲ့ ကြေညာချက်ထုတ်ခဲ့ပြီး ဆက်လက်ဖြစ်ပွားနေကာ အသေးစိတ်ကို သင့်တော်သလို ထုတ်ပြန်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။
ပစ်ခတ်မှုပြီးသွားပေမယ့် စီအိုင်အေ ဌာနချုပ်အပြင်ဘက်မှာတော့ လက်နက်တပ် သံချပ်ကာကားတွေ၊ ဥပဒေစိုးမိုးထိန်းသိမ်းရေးအဖွဲ့တွေရဲ့ ဒရုန်းတွေ၊ ဗုံးရှာဖွေရေးအဖွဲ့တွေနဲ့ SWAT ခေါ် အထူးတပ်ဖွဲ့တွေပါ ထူထပ်စွာ နေရာချထားတာ တွေ့ကြရပါတယ်။
Ref- BNO