လွန်ခဲ့သည့်၂၀၂၂ ခုနှစ်ခန့်က ခိုးမှုများပါ ပေါ်ပေါက်၍ ဥပဒေအတိုင်းပြစ်ဒဏ်များကျခံပြီးပါက မြန်မာနိုင်ငံသို့ ပြန်ပို့ခံရမည်ဟု ဆို

၂၀.၃.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံက ပြည်နှင်ဒဏ်ပေးထားပြီး ဖြစ်သည့် မြန်မာတစ်ဦးက နောက်ထပ်တစ်ကြိမ် နာမည် ပြောင်းပြီး အလုပ် လုပ်ရန် စီစဉ်နေချိန် အဖမ်းခံရကာ လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်က ခိုးမှုများပါ ပေါ်ပေါက်သောကြောင့် ဥပဒေအတိုင်း ပြစ်ဒဏ်များကျခံရမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပြစ်ဒဏ်များ ကျခံပြီးပါကလည်း မြန်မာနိုင်ငံသို့ ပြန်ပို့ရန် နှစ်နိုင်ငံ အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း စမွတ်စခွန်ခရိုင် လူဝင်မှုကြီး ကြပ်ရေးရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများတွင် ရေးသားချက်အရ သိရသည်။

ယမန်နေ့ မတ်လ ၁၉ ရက်က ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်တွင် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် လူ ဝင်မှုကြီးကြပ်ရေးဌာနတွင် (Biometric) ဇီဝအချက်အလက် စစ်ဆေးမှုခံယူချိန် အထက်ပါအတိုင်း ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းခံရသူမှာ အသက် ၂၇ နှစ်အရွယ် မင်းထွန်း(ခေါ်) မင်းယွန်း ဆိုသူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ခိုးမှုကျူးလွန်ခဲ့၍ ပြည်နှင် ဒဏ်ပေးခြင်းခံထားရသည့် မှတ်တမ်းကို စစ်ဆေးတွေ့ရရှိရကြောင်း၊ လက်ရှိတွင် ၎င်းကို ဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထိန်းသိမ်းထားကာ ထိုင်းအာဏာပိုင်တွေက ဥပဒေအရ အရေးယူ ဆောင်ရွက်ပြီးသည်နှင့် ပြည်တော်ပြန်ပို့မည် ဖြစ်ကြောင်း သိရသည်။
ဒေသခံများအနေဖြင့်လည်း တရားမဝင် နိုင်ငံခြားသားများ ဒေသတွင်းသို့ ဝင်ရောက်နေထိုင်သည့် သဲလွန်စ သတင်းရရှိပါကအကြောင်းကြားနိုင်ကြောင်း၊ သို့မဟုတ် စမွတ်ဆာခွန်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးသို့ အကြောင်းကြားပေးကြရန်လည်း အဆိုပါ ရုံးက အသိပေးထားကြောင်း သိရသည်။
ပြစ်မှူကျူးလွန်၍ ပြည်နှင်ခံထားရသူများအနေဖြင့် သတ်မှတ်သက်တမ်းမပြည့်မီ ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်၍ မရသည်ကို သိလျက် ပြန်လည်ဝင်ရောက်ခြင်းကြောင့် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများကို ကြုံတွေ့ရနိုင်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက ဆိုသည်။
ယမန်နေ့ မတ်လ ၁၉ ရက် နံနက် ၁၀ နာရီအချိန်က စမွတ်စခွန် လူဝင်မှုကြီးကြပ်ရေးရုံး၌ လူဝင်မှုကြီးကြပ်ရေး ကွပ်ကဲမှု ဌာနချုပ် ရာထူးအဆင့်ဆင့်တာဝန်ရှိသူများက အဆိုပါ ဖြစ်စဉ်ကို သတင်းထုတ်ပြန်ခဲ့ရာတွင် ယင်းတို့ လူဝင်မှု ကြီးကြပ်ရေးဗျူရို၏ Biometrics စနစ်ဆိုသည်မှာ လက်ဗွေနှင့် မျက်နှာစကင်န်ကဲ့သို့ လူတစ်ဦး၏ ဇီဝဗေဒဆိုင်ရာ အချက်အလက်များကို အသုံးပြုသည့် နည်းပညာတစ်ခုဖြစ်ကြောင်း၊ ခရီးသွားများ၏ အမည်ကို အတည်ပြုရန်အတွက် အသုံးပြုခြင်းဖြစ်ပြီး ယင်းစနစ်မှာလုံခြုံရေးအတွက် များစွာ အထောက်အကူ ဖြစ်ကြောင်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားသည့်အခါ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုခြင်းနှင့် စာရွက်စာတမ်းအတု အ သုံးပြုခြင်းတို့ကို တားဆီးရာတွင် ထိရောက်မှုရှိကြောင်း ဖော်ပြထားသည်။
“ဒီအမှုမှာ တရားခံက နာမည်ပြောင်းတယ်။ အထောက်အထားအသစ် မှတ်ပုံတင်ဖို့တောင်းဆိုတယ်။ ဒါပေမဲ့ လက်ဗွေရာတွေကို စစ်ဆေးတဲ့အခါ နိုင်ငံတော်ကို မဝင်ရဘူးဆိုတဲ့ တားမြစ်ထားသည့် ရာဇဝင်ရှိတာကြောင့် အခု တရားမဝင်မှုစွဲချက်နဲ့ ဖမ်းထားတာပါ”ဟု စမွတ်စခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေးအရာရှိက မီဒီယာများကို ပြောကြားထားသည်။