
၁၉. ၃. ၂၀၂၅
Written by Phyo Wei
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေ ပြည်ပတင်ပို့မှုအတွက် ကန့်သတ်ထားခြင်းမရှိလို့ လျင်မြန်စွာ တင်ပို့နိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က အလေးထားဆောင်ရွက်ဖို့ SAC ဥက္ကဋ္ဌ ပြောကြားလာတဲ့ ဒီတစ်ပတ်မှာပဲ လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်အထိ ကုန်သွယ်မှုလျာထားချက် ၇၈ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်လို့ အတတ်နိုင်ဆုံး လျာထား ချက်ပြည့်မီအောင် ဆောင်ရွက်ဖို့ ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌက ပြောကြားလာတာလည်း တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ သန်းခွဲကျော် ဝင်ရောက်ထားပြီး ဒီဘဏ္ဍာနှစ် ၁၁ လအတွင်း FDI က ဒေါ်လာသန်း ၆၆၀ ကျော်သာ ဝင်ရောက်ထားတယ်ဆိုတာ၊ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာ သန်းဆယ်ချီ ထပ်မံရောင်းချခဲ့သလို စားသုံးဆီနဲ့ အခြားကုန်စည်တွေအတွက် နေ့စဉ် ဒေါ်လာ ၂ သန်းကျော် ရောင်းချပေးနေတာ၊ စာချူပ်ချုပ်ဆိုပြီးတဲ့ အလုပ်သမားတွေအားလုံးကို စေလွှတ်ပြီးမှ နောက်ထပ်အလုပ်ခေါ်စာအသစ် တင်ခွင့်ပြုမယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) ပြောလာတာ၊ စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းလုပ်ငန်းကို စွမ်းဆောင်ရည်မြှင့်တင်ဖို့နဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆောင်ရွက်ဖို့ SAC ဥက္ကဋ္ဌ ပြောကြားလာတာ၊ ဒီဘဏ္ဍာနှစ် ၁၁ လအတွင်း ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ ဒသမ ၃၇၃ သန်း တင်ပို့နိုင်ခဲ့လို့ လျာထားချက်ရဲ့ ၉၅ ရာခိုင်နှုန်းနီးပါးအထိ တင်ပို့ထားတယ်ဆိုတာနဲ့ ရွှေစျေးခုန်တက်လာမှုတွေအပြင် ထားဝယ်အထူးစီးပွားရေးဇုန်က မကြာမီ အောင်မြင်ဖြစ်ထွန်းတော့မယ်လို့ SAC ဒုဥက္ကဋ္ဌ ပြောကြားလာပြီး အီတာလျှံ-ထိုင်းကုမ္ပဏီနဲ့ ဆောင်ရွက်တဲ့ကိစ္စတွေ ပြီးမြောက်သွားချိန်မှာ အရင်လုပ်ဆောင်ခဲ့တဲ့ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် (Special Purpose Vehicle-SPV) ဖျက်သိမ်းဖို့ကို မြန်မာ- ထိုင်း-ဂျပန် သုံးနိုင်ငံ ညှိနှိုင်းဆွေးနွေးပြီး ပီပြင်အောင်ဆောင်ရွက်ဖို့ မှာကြားခဲ့တဲ့ ဖြစ်စဉ်တွေပါ တွေ့မြင်ရပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ရွှေခိုးထုတ်လို့ ချေမှုန်းခံရတဲ့ လက်ပံလှရွာစျေးတန်းအကြောင်း၊ ပြည်ပဖုန်းနဲ့ သုံးစွဲခွင့် ပိတ်ဆို့လိုက်တဲ့ K Pay အကြောင်းနဲ့ AA ဖြန့်တဲ့ မူးယစ်ဆေးတွေ အကြောင်းကို သုံးသပ်တင်ပြချင်ပါတယ်။
ရွှေခိုးထုတ်လို့ ချေမှုန်းခံ လက်ပံလှစျေးတန်း၊
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ နစကအစိုးရဟာ သယံဇာတခိုးထုတ်မှုတွေ ချေမှုန်းတော့မယ် အသိပေးပြီး မကြာခင် မြိုင်နဲ့ပေါက်နယ်စပ်က ရေနံခိုးထုတ်၊ ပြည့်တန်ဆာတန်းဖွင့် ဆက်ကြေးကောက်တဲ့ မြိုင် PDF တွေကို လေကြောင်းတိုက်ခိုက်ခဲ့သလို မန္တလေး PDF တွေ ထိန်းချုပ်၊ ခိုးထုတ်၊ အခွန်ကောက်နေတဲ့ ရွှေလုပ်ကွက်နဲ့ ဒီရွှေလုပ်ကွက်စျေးတန်းရှိရာ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို ဧပြီ ၁၄ ရက်မှာ လေကြောင်းတိုက်ခိုက်မှုပြုခဲ့လို့ အနည်းဆုံး ၃၁ ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းက စဉ့်ကူးမြို့နယ်ကို မန္တလေး PDF က သိမ်းထားပြီး တရားမဝင် ရွှေခိုးယူ တူးဖော်မှုလုပ်ငန်းကို အခွန်ချုပ်ကိုင် ဆက်လက်လည်ပတ်နေသလို စဉ့်ကူးမြို့နယ်၊ လက်ပံလှရဲစခန်းကိုလည်း PDF တွေ ထိန်းချုပ်ထားလို့ မတ်လ ၄ ရက်နေ့ကလည်း ရဲစခန်းနေရာ တည့်တည့် ဗုံးကြဲ တိုက်ခိုက်တာကြောင့် PDF တွေ သေဆုံးမှုရှိခဲ့ပြီး အနည်းဆုံး ၆ ဦး သေပါတယ်။ မတ်လ ၁၄ ရက် နေ့လယ် ၃ နာရီမှာ မန္တလေး PDF တွေ ဆက်ကြေးကောက် ရွှေတူးမှုရဲ့ အရင်းအမြစ်ရှိရာ လက်ပံလှရွာစျေးတန်းကို ဗုံးကြဲခဲ့မှုမှာ အနည်းဆုံး ၃၁ ဦး သေပြီး ၃၀ ခန့် ဒဏ်ရာရခဲ့တဲ့အပြင် မတ်လ ၁၇ ရက်မှာလည်း လေကြောင်းတိုက်ခိုက်လို့ အနည်းဆုံး ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ မန္တလေး PDF က အတည်ပြုခဲ့သလို ထုတ်ပြန်တဲ့ ပုံတိုင်းမှာလည်း ပြည်သူရှိရာနေရာ ကြဲချတာမဟုတ်ခြင်းရဲ့ သက်သေအဖြစ် မန္တလေး PDF တွေရဲ့ လက်နက်ကိုင်ပုံရိပ်များစွာ ပါဝင်နေတာ တွေ့ရပါတယ်။
ဒါတွေဟာ မြို့တွေသိမ်း၊ သယံဇာတတွေကို ခိုးထုတ်ရောင်းပြီး ဆက်ကြေးကောက်နေတာတွေကို တားမြစ်နိုင်မှ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းအောင် ထိန်းနိုင်မှာမို့ ဒီလို ရွှေ၊ ရေနံ၊ သစ် စတာတွေ ခိုးထုတ်နေတဲ့ PDF တွေနဲ့ လက်နက်ကိုင်တွေရဲ့ ဝင်ငွေစီးကြောင်းကို နစက က သူသတိပေးချက်နဲ့ အညီ ချေမှုန်းမှုပါ။ ဒီလိုမျိုး ချေမှုန်းတော့မယ်လို့လည်း ကြိုသတိပေး၊ တကယ်လည်း ချေမှုန်းနေတယ်လို့ သိလာနေချိန်မှာတော့ အပြစ်မဲ့ပြည်သူတွေဟာ PDF နဲ့ EAO တို့ရဲ့ လူသားဒိုင်းအဖြစ်နဲ့ သယံဇာတခိုးထုတ်ရာနေရာတွေမှာ ဆက်မနေဖို့ ထပ်မံသတိပေးရမှာပါ။ အဲဒီလို မဟုတ်ဘဲ PDF နဲ့ EAO တို့ရဲ့ သယံဇာတခိုးထုတ်၊ ဆက်ကြေးကောက်ရာမှာ အားတက်သရောပါဝင် စီးပွားရှာနေမယ်ဆိုရင်လည်း ခံရတော့မှ ပြည်သူကိုလုပ်တာလို့ အပြစ်မဖို့ဘဲ လက်နက်မဲ့ နိုင်ငံ့ဝန်ထမ်းတွေကို “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်စေသူ”ဆိုပြီး စွပ်စွဲသတ်ဖြတ်၊ လုယက်မုဒိမ်းကျင့်ချိန်မှာ ဝမ်းသာအားရ ထောက်ခံမိကြတဲ့ ဝဋ်တွေ လည်တာပါလို့သာ မှတ်ယူရတော့မယ့်အခြေအနေဖြစ်လာနေကြောင်း သတိချပ်စေချင်မိပါတယ်။
ပြည်ပဖုန်းနဲ့ သုံးစွဲခွင့် ပိတ်ဆို့လိုက်တဲ့ KBZ Pay
မနေ့က မတ်လ ၁၈ ရက်မှာ ထိုင်းဖုန်း +66 နဲ့ KBZ Pay ဖွင့်လှစ်အသုံးပြုနေတဲ့ KBZ Pay သုံးစွဲသူတွေထံ “လူကြီးမင်း၏ KBZPay အကောင့်ကို (+66) ဖုန်းနံပါတ်ဖြင့် အသုံးပြုနေပါက လက်ရှိ မူဝါဒ ပြောင်းလဲမှုများအရ KBZPay ဝန်ဆောင်မှုများအား ပြည်တွင်း မြန်မာဖုန်းနံပါတ်ဖြင့်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။ သိုဖြစ်ပါ၍ 19 March 2025 ရက်နေ့မှ စတင်ကာ ငွေလွှဝန်ဆောင်မှုများအား ယာယီ ဆိုင်းငံ့ထားမည် ဖြစ်ပါ သောကြောင့် လူကြီးမင်း၏ KBZPay အကောင့်အား အဆင်ပြေစွာ ဆက်လက်အသုံးပြုနိုင်ရန်အတွက် မြန်မာဖုန်းနံပါတ်ဖြင့် ပြောင်းလဲ အသုံးပြုရန်လိုအပ်ပါသည်။ ဖုန်းနံပါတ် ပြောင်းလဲရန် KBZPay Application ထဲရှိ “ဖုန်းနံပါတ်ပြောင်းရန်” Function တွင် လုပ်ဆောင်ရမည့် အဆင့်တစ်ခုချင်းစီအား လိုက်နာ၍ လွယ်ကူစွာပြောင်းလဲနိုင်ပါသည်” စသလို မြန်မာလို ပေးပိုခဲ့ပြီး အင်္ဂလိပ်စာနဲ့ ပေးပို့မှုမှာတော့ မြန်မာဖုန်းနံပါတ်ကို မပြောင်းလဲရင် မတ်လ ၂၁ ရက်ကစ ငွေလွှဝန်ဆောင်မှုကို ယာယီပိတ်မယ်လို့ အသိပေးခဲ့ပါတယ်။
NUG ဟာ သူ့ထောက်ခံသူတွေ သိန်းဂဏန်းနဲ့ NUG Pay ဖွင့်ပြီး လည်ပတ်ချိန်မှာ PDF ထောက်ပို့တွေဟာ ပြည်တွင်းမှာသုံးစွဲမှုများပြားတဲ့ KBZ Pay နဲ့ NUG Pay ကို သူတို့ချင်းအကြား ဖလှယ်သုံးစွဲကြသလို ဒီ KBZ Pay ကို ခြေရာခံ ပိတ်မပစ်နိုင်အောင်လည်း တခြားနိုင်ငံတွေက နံပါတ်တွေနဲ့ ဖွင့်လှစ်သုံးစွဲကြတဲ့ အခြေအနေတွေလည်း ရှိခဲ့ကြပါတယ်။ ဒီအထဲမှာ ထိုင်းနိုင်ငံရဲ့ နယ်စပ်ဒေသတွေဖြစ်ပြီး NUG, PDF နဲ့ KNU လက်နက်ကိုင်တွေ မှီတည်ရာ မြဝတီ၊ မဲဆောက်ဒေသက PDF ထောက်ပို့၊ တရားမဝင်ကျားဖြန့်လုပ်ငန်းအချို့က ခြေရာခံရမလွယ်ကူတဲ့ ထိုင်းဖုန်းကတ်တွေ၊ ပြည်ပဖုန်းကတ်တွေနဲ့ KBZ Pay အကောင့်ဖွင့် တရားမဝင်ငွေစီးဆင်းမှု ပြုလုပ်ကြသလို NUG Pay နဲ့ ငွေကြေးဖလှယ်ပြီး လက်နက်ဝယ် ထောက်ပို့မှုပြုလုပ်နေတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီလို အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု၊ လူအစုလိုက်အပြုံလိုက် သေကြေစေတဲ့ လက်နက်ခဲယမ်းဝယ်ယူမှုတွေက ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ဖို့ ဒီလိုကန့်သတ်လိုက်တာလို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ဘယ်လိုအခြေအနေကြောင့်ပဲ ပြည်တွင်းသုံး Pay တွေကို ပြည်ပဖုန်းနဲ့ အသုံးခံမှုက မဖြစ်သင့်သလို မြန်မာနိုင်ငံရဲ့ National Standard အဖြစ် သတ်မှတ်ထားတဲ့ QR Codeနဲ့ ငွေပေးချေမှုကို ထောက်ပံ့နိုင်တဲ့ Digital Payment Switch စနစ်တစ်ခုဖြစ်တဲ့ MMQR အသက်ဝင်လာချိန်မှာ ဒီလိုမျိုး ပြည်ပဖုန်းတွေနဲ့ ပြည်တွင်းသုံး Pay တွေကို အသုံးမခံတာက ပိုလို့ မှန်ကန်တဲ့လုပ်ရပ်လို့ဆိုရမှာပါ။ ဒါ့အပြင် တခြား ပြည်တွင်းသုံး Pay တွေမှာလည်း ဒီလို ခြေရာခံရခက်တဲ့ ပြည်ပဖုန်းတွေနဲ့ ဖွင့်လှစ်သုံးစွဲနေတာကို အသုံးမခံဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ မြန်မာနိုင်ငံကို အကျပ်တွေ့စေတဲ့ FATF လိုမျိုး အဖွဲ့အစည်းစွပ်စွဲနေတဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု၊ လူအစုလိုက်အပြုံလိုက် သေကြေစေတဲ့ လက်နက်ခဲယမ်းဝယ်ယူမှုတွေက ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ဖို့ လုပ်ဆောင်ရတယ်ဆိုတာမျိုးကို သက်သေပြနိုင်မှာဖြစ်သလို NUG Pay နဲ့ KBZ Pay အပါအဝင် တခြားပြည်တွင်းသုံး Pay တွေကို အကြမ်းဖက်မှု ထောက်ကူဖို့ ပြည်ပဖုန်းနံပါတ်နဲ့ ဖလှယ်သုံးစွဲနေသူတွေအဖို့လည်း အရင်လို အလွယ်တကူလုပ်မရဖြစ်စေမှာမို့ အခုလို ကန့်သတ်မှုကို စနစ်တကျ ဆက်လက် ကြပ်မတ်ဖို့ပဲ ပြောချင်ပါတယ်။
AA ဖြန့်တဲ့ မူးယစ်ဆေး
ပြီးခဲ့တဲ့ မတ်လ ၆ ရက်မှာ UWSA ထိန်းချုပ်ရာ ‘၀’ ဒေသမှာ နေထိုင်တဲ့ တင်မောင်ဝင်း ဆိုသူနဲ့ AA ရဲ့ စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ) ကျော်စိုးလင်းနဲ့ သူ့ဇနီးသီတာမြင့်တို့ ရောင်းဝယ်ဖောက်ကားပြီး စီမံကွပ်ကဲနေတဲ့ ကျပ် ၉၆ ဒသမ ၆၂၅ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ ဒသမ ၄၆၅ တန်နှင့် ကက်တမင်း ၂၀၀ ကီလို တိုကို ဖမ်းဆီးရမိခဲ့ပါတယ်။
လက်ရှိအစိုးရ တာဝန်ယူခဲ့တဲ့ကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ သုံးနှစ်အတွင်း မူးယစ်ဆေးဖမ်းမိမှုတွေအဖြစ် ဘိန်းဖြူ ၆ ဒသမ ၀၅ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၉ သန်းကျော်၊ အိုက်စ် ၅၃ တန်ကျော်၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်း ဖမ်းဆီးရမိမှု အမှုပေါင်း ၂၁,၀၉၈ မှု၊ တန်ဖိုးငွေကျပ် ၃,၃၅၄ ဘီလျံကျော်နဲ့ ဖမ်းဆီးရမိသူ ကျား/မ စုစုပေါင်း ၂၉,၄၀၀ ကျော်ရှိခဲ့ပါတယ်။ ဒီအထဲမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် မတ်လအထိ AA ရဲ့ မူးယစ်ဆေးဖြန့်ချိမှုက ကျပ် ၂၉၄ ဒသမ ၈၂ ဘီလျံဖိုးအထိ မိခဲ့ပြီး AA လက်နက်ကိုင်အဖွဲ့က အဖွဲ့ဝင်တွေရဲ့ မူးယစ်ဆေးဝါး သယ်ဆောင်မှုကလည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်ကနေ ဒီဇင်ဘာ ၉ ရက်အထိ သတင်းဆက်စပ် ဖော်ထုတ်ဖမ်းဆီးမှုတွေအရ ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလျံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂ တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုနဲ့အတူ AA သောင်းကျန်းသူတွေ ပါဝင်တဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသေးတယ်။ AA ရဲ့ မူးယစ်ဆေး ဖမ်းမိဖြစ်စဉ်တွေကို ကာလတန်ဖိုးအရ ချိန်ဆတွက်မယ်ဆို ဒေါ်လာ သန်းထောင်ဂဏန်းလောက်ရှိခဲ့ပြီး အခု မတ်လ ၆ ရက် ဖမ်းမိမှုဖြစ်စဉ်ကတော့ ဖမ်းမိသမျှထဲ အများဆုံး ပမာဏလို့လည်း ဆိုရပါမယ်။
ဒီနေရာမှာ အံ့ဩစရာတစ်ခုက အဝင်ကျပ်၊ အထွက်ကျပ်တဲ့ UWSA ကိုယ်ပိုင်အုပ်ချုပ်ရာနေရာက မူးယစ်ဆေးကို ရန်ကုန်မှာ နေရာအသီးသီးမှာဖြန့်ချိတဲ့အပြင် AA စီးပွားရေးတာဝန်ခံလင်မယားက တန့်ယန်း၊ တောင်ကြီး၊ မန္တလေးနဲ့ ရန်ကုန်မြို့တို့မှာ ခရီးသွား မော်တော်ယာဉ်ဂိတ်တွေဖွင့်လှစ်ပြီး သူတို့ပိုင် ခရီးသည်တင်မှန်လုံယာဉ် ၁၆ စီးနဲ့ သယ်ယူပိုဆောင်နေတယ်ဆိုတာနဲ့ သူတို့လင်မယားပိုင် ရွှေကောင်းသာစက်လှေတွေနဲ့ မလေးရှားကို ပို့ကြတဲ့အထိကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန်ကြီးကို ဖြန့်ချိနေတဲ့ ကိစ္စပါ။ ‘၀’ ဒေသကနေ ရန်ကုန်၊ တန့်ယန်း၊ တောင်ကြီး၊ မန္တလေးနဲ့ မလေးရှားအထိ ဖြန့်နေကြတဲ့ ဒီဖြစ်ရပ်မှာ “ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက်” ဆိုသလို လုံခြုံရေးဂိတ်အဆင့်ဆင့်ကို ဘယ်လိုပုံစံနဲ့ ကျော်ဖြတ်သလဲ၊ အပေးအယူရှိနေခဲ့သလားလည်း တွေးစရာပါပဲ။ အခု ဖမ်းမိလာတဲ့ မူးယစ်ဆေး အိုက်စ်(မက်သ်အဖက်တမင်း) ၃ ဒသမ ၄၆၅ တန်နဲ့ ကက်တမင်း ၂၀၀ ကီလိုကို မလေးရှားရေပြင်ကို ပို့မယ်ဆိုတဲ့ ရွှေကောင်းသာစက်လှေက တန်ချိန်ဆယ်နဲ့ချီ တင်ပို့လို့ရနိုင်တဲ့ စက်လှေအကြီးကြီးဖြစ်နေတာလည်းမြင်လို့ UWSA နဲ့ AA တို့ရဲ့ ဖြန့်ချိမှုလက်တံက ဖမ်းမိတာနဲ့တင် မကနိုင်ဘဲ အခြားရေသောက်မြစ်များစွာ ရှိနေနိုင်တာလည်း တွေးရပြန်ပါသေးတယ်။ သေချာတာကတော့ တစ်ဒေါ်လာ ၁၀၀၀ ပတ်ခြာလည်သာရှိခဲ့တဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ မူးယစ်ဆေးဟာ တစ်ပြားကို ၅၀၀၀ ပတ်ခြာလည်မှာ ရှိခဲ့ပြီး အခုလို တစ်ဒေါ်လာကို ၄၀၀၀ နဲ့ ကျပ် ၈၀၀၀ အထက်ကြား နိုင်ငံရေးအကျပ်အတည်းဖြစ်နေချိန်မှာ မူးယစ်ဆေးက တစ်ပြားကို ကျပ် ၁၀၀၀ နဲ့ ၂၀၀၀ ကြားလောက်အထိ ပြောင်းပြန်အချိုးကျလာပြီး ပိုမိုပေါများလာနေတာလည်း တွေ့ရပြန်ပါသေးတယ်။ သေချာတာကတော့ အခု ဖမ်းမိတဲ့ AA စီးပွားရေးတာဝန်ခံလင်မယားအပြင် ‘ဝ’ ဒေသက မူးယစ်ဆေးဖြန့်သူ တင်မောင်ဝင်းတို့ဟာ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းစဥ်အောက်မှာ တစ်ကမ္ဘာလုံးကို မူးယစ်ဆေးဖြန့်၊ ငွေရှာ၊ ဒီငွေတွေနဲ့ သူတို့က တော်လှန်ရေးသမားအသွင် မီဒီယာတွေကို ရေးခိုင်းပြီး မူးယစ်ရာဇာဆိုတဲ့ ပုံရိပ်ကို ဖျောက်နေကြတယ်ဆိုတာလည်း မြင်ရပါတယ်။ ဒီလိုမျိုး လက်နက်ကိုင်တွေက တော်လှန်ရေးခေါင်းစဥ်တပ် မူးယစ်ဆေးဖြန့် ငွေရှာ၊ မီဒီယာကိုပါ ငွေပေးပြီး သူတို့ဟာ တော်လှန်ရေးခေါင်းဆောင်ပါ ဝါဒဖြန့်ပြီး အကျိုးစီးပွားရှာ စစ်တိုက် နေကြသရွေ့ မြန်မာနိုင်ငံနဲ့ ပြည်သူပဲ ငတ်ပြတ်ဆင်းရဲရတဲ့ စစ်ပွဲတွေပြီးဖို့လည်း မဖြစ်နိုင်ဘူးဆိုတာ မြင်ထားရပါမယ်လို့ တော်လှန်ရေးကို ယုံပါတယ်ဆိုကြတဲ့ မြန်မာလူထုတချို့ကို ပြောချင်မိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားလိုက်ပါရစေ။