
လုံခြုံရေးတပ်ဖွဲ့က လိုက်လံချေမှုန်းချိန် PDF သုံးဖွဲ့က ရင်မဆိုင်ရဲဘဲ ထွက်ပြေး
၁၉. ၃. ၂၀၂၅
Written by Nay Moe
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယနေ့နံနက်ပိုင်းက PDF သုံးဖွဲ့ပေါင်းပြီး လုံခြုံရေးတပ်ဖွဲ့နှင့် အိမ်စီးကားနှစ်စီးကို ချောင်းမြောင်း ပစ်ခတ်ရာမှ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကျူးလွန်သည့် နွားထိုးကြီး PDF များက ဝန်ခံလာသော်လည်း လုံခြုံရေးတပ်ဖွဲ့က လိုက်လံချေမှုန်းချိန် PDF သုံးဖွဲ့က ရင်မဆိုင်ရဲဘဲ ထွက်ပြေးခဲ့မှုကို ချန်လှပ် ထုတ်ပြန်မှု ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်စဥ်ကို PDF သုံးဖွဲ့က စတင်ပြီး ယနေ့နံနက် ၁၁ နာရီခွဲမှ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် Natogyi People Defence Force မြင်းခြံခရိုင်အမှတ်၄၊ မြင်းခြံခရိုင်အမှတ် (၁ဝ) တပ်ရင်းနှင့် မြစ်သား (ပကဖ)တို့မှ PDF သုံးဖွဲ့ပေါင်းပြီး ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၈ နှင့် မိုင်တိုင် ၃၁၉ ကြားတွင် ရဲကား(၁)စီးနှင့် အိမ်စီးကား(၂)စီးတို့အား အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုပစ်ခတ်တိုက်ခိုက်မှုတွင် ရဲ(၅)ဦးသေဆုံးပြီး မိုင်တိုင် ၃၁၉ ကင်းစခန်းမှ ရန်သူများဖြင့် ပစ်ခတ်မှု ထပ်မံ၍ ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၂ နာရီအချိန်တွင် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု နွားထိုးကြီး PDF ဘက်က ထုတ်ပြန်သည်။ သို့သော် ထုတ်ပြန်ချက်တွင် အိမ်စီးကားနှစ်စီးကို PDF တို့ ပစ်ခတ်ရသည့် အကြောင်းရင်းနှင့် ထိခိုက်မှုကို ချန်လှပ်ဖော်ပြခဲ့သည်။

ထိုဖြစ်ရပ်အပေါ် တပ်မတော်နှင့် နီးစပ်သည့် သတင်းဌာနများက ဖော်ပြရာတွင် ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မီးတန်းယာဉ်ဖြင့် တံတားဦးမြို့နယ်၊ စကားအင်း အမြန်လမ်းရဲစခန်းအခြေပြုမှ ထွက်ခွာလာခဲ့ရာ နံနက် ၁၁ နာရီကျော်အချိန်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ ရန်-မန်းအမြန်လမ်း မိုင်တိုင် (၃၁၉/၃)၊ တဇောက်ချောင်းတံတားအနီးအရောက် တောင်ဘက် ၇ မိုင်ခန့်အကွာမှ PDF အဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ မီးတန်းယာဉ်၏ ရှေ့ယာဘက်ဘီး ကျည်ဖောက်ဝင် ၁ ချက်၊ ရှေ့ယာဘက်တံခါး ကျည်ဖောက်ဝင် ၁ ချက်၊ နောက်ယာဘက် တံခါးမှန် ကျည်ဖောက်ဝင် ၁ ချက်တို့ ထိမှန်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း၊ အလားတူ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၁၉/၆) တဇောက်ချောင်းရဲကင်းအား ယနေ့နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့်က ရဲကင်း၏ တောင်ဘက် ၃ ဖာလုံခန့်အကွာ မိုင်တိုင်(၃၁၉/၃) ဘက်မှ PDF များသည် ၄၀ မမ ဖြင့် ၃ ချက်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲကင်း၏အရှေ့မြောက်ဘက် ၂ ဖာလုံခန့်အကွာ ထန်းတောသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ပြန်လည်တုန့်ပြန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ပစ်ခတ်မှုရပ်တန့်သွားခဲ့ကြောင်း၊ အဆိုပါ PDF အဖွဲ့သည် တဇောက်ချောင်းကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဆောက်အဦထိခိုက် ပျက်စီး/ဒဏ်ရာရရှိမှုမရှိကြောင်း၊ တိုက်ပွဲအတွင်း PDF ငါးဦးသေဆုံးကြောင်း ရေးသားကြသည်။
သို့သော် ထိုဖြစ်ရပ်ကို ကြုံတွေ့ခဲ့သော ခရီးသွားများက လူမှုကွန်ရက်ပေါ် ရေးသားရာတွင် PDF များက မန္တလေးဘက်ပြန်သည့်လမ်းပိုင်းတွင် ရဲကားကို လိုက်လံပစ်ခတ်ကြောင်း၊ ထို့အတွက် ခရီးသွားများ လမ်းဘေးပုန်းကာ စောင့်နေချိန် အဝေးပြေးယာဥ်တချို့ ပြောင်းပြန် မောင်းနှင် ရှောင်ပြေးကြကြောင်း၊ ခရီးသွားများ မထိခိုက်ကြောင်း၊ ရဲကားများသာ ချောင်းပစ်ရဲသည့် PDF များက တပ်မတော်သားများက အနည်းဆုံး ကားလေးစီးဖြင့် လိုက်လံချေမှုန်းချိန် PDF များ ရင်မဆိုင်ဝံ့ဘဲ ထွက်ပြေးကုန်ကြောင်း စသည်ဖြင့် ရေးသားကြသလို မျက်မြင်ကြုံခဲ့ရသည့် ခရီးသွားအချို့၏ ပြောဆိုမှုအရလည်း သိရသည်။
ပုံစာ။ နွားထိုးကြီး PDF ထုတ်ပြန်ချက်နှင့် ကြုံခဲ့ရသည့် ခရီးသွားတို့မြင်ကွင်း (Mv & Photo-Crd)