
၁၉.၃.၂၀၂၅
Written by KL
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဝင်းနားလမ်းတွင် မတ်လ ၁၈ ရက်နေ့၊ နံနက် ၃ နာရီခွဲခန့်က မီးဖိုမီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွားခဲ့ရာနှစ်ထပ် နေအိမ်တစ်လုံးနှင့် စပါးကျီတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ အလျား ၂၄ ပေ၊ အနံ ၂၄ ပေရှိ သွပ်မိုး၊ နံကပ်နှစ်ထပ်နေအိမ်တွင် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အလျား ၂၄ ပေ၊ အနံ၂၄ ပေရှိ သွပ်မိုး၊ နံကပ်နှစ်ထပ်နေအိမ်တစ်လုံး၊ အလျား၂၁ ပေ၊ အနံ ၁၄ ပေရှိ သွပ်မိုး၊ ထရံကာ တစ်ထပ်စပါးကျီတိုက်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

“မီးလောင်မှုက တစ်နာရီနီးပါးလောက်ကြာတယ်။ စလောင်တဲ့အိမ်နဲ့ စပါးကျီတစ်လုံးပါသွားတယ်။ လူထိခိုက်သေဆုံးမှုမရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်နှစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
လူနေအိမ်မီးလောင်မှုကြောင့် ပိုင်ရှင်ဒေါ်ကြည်လေးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ရေဦးမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။