
၁၉.၃.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂါလီလက်နက်ကိုင်အုပ်စု ARSA ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အဘူအမ်မာ ဂျူနူနီဟာ မြန်မာ့တပ်မတော်က စစ်ရေးအရ အရေးယူနှိမ်နင်းမှုကိုဖြစ်စေပြီး ဘင်္ဂါလီ ၇၅၀,၀၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးစေခဲ့တဲ့ ၂၀၁၇ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ စွပ်စွဲခံထားရရာကနေ ဖမ်းဆီးမိခဲ့ပြီလို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက မတ်လ ၁၈ ရက်က ပြောခဲ့ပါတယ်။
အဘူအမ်မာကို ဒက်ကာမြို့အနီးမှာ သူ့ရဲ့လက်ထောက်ငါးယောက်နဲ့အတူ ဖမ်းမိခဲ့တာလို့လည်း သိရပါတယ်။ အာဏာပိုင်တွေက သူဟာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေများစွာ လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
အဘူအမ်မာက အသက် ၄၈ နှစ်ရှိပြီး ARSA လို့ခေါ်တဲ့ ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်ခေါ် တဲ့ လက်နက်ကိုင်အုပ်စုအကြီးအကဲပါ။ သူဟာ လူသတ်မှုတွေအပြင် အဖျက်အမှောင့်လုပ်ငန်းတွေလုပ်ခဲ့တယ်လို့ သံသယရှိရတာကြောင့် ဒက်ကာမြို့အနီးမှာ ဖမ်းဆီးခဲ့တာလို့ ခရိုင်ရဲမှူးကြီး ပရေတွတ်ရှ်က ပြောခဲ့ပါတယ်။
သူနဲ့ လက်ထောက်ငါးဦးကို ဘင်္ဂလားဒေ့ရှ်ရဲအဖွဲ့ရဲ့ ရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့ဖြစ်တဲ့ Rapid Action Battalion က ဖမ်းမိခဲ့တာဖြစ်ပြီး နောက်ထပ် လက်ထောက်လေးဦးကိုလည်း မိုင်မန်ဆင်းခရိုင်ထဲမှာ ထပ်မံဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ရဲအဖွဲ့က သူတို့ကို ပထမဆုံး စစ်ဆေးမေးမြန်းနေတယ်လို့လည်း ပြောခဲ့ပါတယ်။
အဘူအမ်မာဟာ ဘင်္ဂလားဒေ့ရှ်စစ်ဖက်ထောက်လှမ်းရေးအရာရှိတစ်ဦးကို သတ်မှုမှာလည်း ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။
ARSA ကတော့ နယ်စပ်ဖြတ်ကျော် မူးယစ်မှောင်ခိုမှု၊ ပြန်ပေးဆွဲမှု၊ အဓမ္မဖမ်းဆီးခေါ်ဆောင်မှု၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခြိမ်းခြောက်ငွေညှစ်မှုနဲ့ နှိပ်စက်မှုတွေနဲ့လည်း စွပ်စွဲခံထားရပါတယ်။
Ref- DW