
MT News
၁၉. ၃. ၂၀၂၅
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပသော မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေတွင် အတာသင်္ကြန်ပွဲတော်ကို ရခိုင်ရိုးရာ စည်ကားသိုက်မြိုက်ပျော်ရွှင်အောင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရခိုင်ရိုးရာ စဉ်လာမပျက် နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပါယ်ပွဲ၊ သက်ကြီး ပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားနာယူပွဲများလည်း ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့၊ အကြိုနေ့မှ ဧပြီလ ၁၆ ရက်နေ့၊ သင်္ကြန်အတက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နေပြည်တော်၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပါရာဂွေးနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့်(၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ညီလာခံတွင်လည်း မြန်မာနိုင်ငံမှ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာ သင်္ကြန်ပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ယူနစ်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်ခွင့်ရရှိခဲ့ကြောင်း၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို တစ်နိုင်ငံလုံးအတိုင်းတာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် မိမိတို့ရခိုင်ပြည်နယ်တွင်လည်း ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေမြို့တွင် စည်ကားသိုက်မြိုက်ပျော်ရွှင်အောင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ရခိုင်ရိုးရာ စဉ်လာမပျက် နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပါယ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားနာယူပွဲများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင် ယခင်နှစ်ကအတိုင်း ဝန်ကြီးဌာနအလိုက် ဦးစီးဌာနများ စုစည်းပြီး ရေကစားမဏ္ဍပ်များပြုလုပ်၍ ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ကြစေလိုကြောင်း၊ ထို့ပြင် ရခိုင်ရိုးရာအစဉ်အလာ မပျက်လောင်းလှေများဖြင့် သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ရေးနှင့် ရေကစားမဏ္ဍပ်များဖြင့်ရေကစား နိုင်ရေးဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် နှစ်သစ်ကူးမြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိနှင့် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကျင်းပနိုင်ရန်အများပြည်သူများ လုံခြုံစိတ်ချစွာဖြင့် ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများအားလုံးသာမက ပြည်သူလူထုပါအတူတကွ ပူးပေါင်းပြီး နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ချစ်ခင်စည်းလုံးစွာဆင်နွှဲ နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆွေးနွေးပေးကြရန် ပြောကြားသည်။
Ref & Photo MOI