
၁၉. ၃. ၂၀၂၅
Written by Nay Moe
KBZ Pay အား ပြည်ပဖုန်းနံပါတ်များဖြင့် သုံးစွဲခွင့်မရှိတော့သလို PDF ထောက်ပို့များသော ထိုင်းနိုင်ငံမှဖုန်းနံပါတ်များဖြင့် သုံးစွဲမှုကိုလည်း ယနေ့မှ စတင်ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။
ယမန်နေ့ မတ်လ ၁၈ ရက်တွင် ထိုင်းဖုန်း +66 ဖြင့် KBZ Pay ဖွင့်လှစ်အသုံးပြုနေသော KBZ Pay သုံးစွဲသူများထံ KBZ Pay က”လူကြီးမင်း၏ KBZPay အကောင့်ကို (+66) ဖုန်းနံပါတ်ဖြင့် အသုံးပြုနေပါက လက်ရှိ မူဝါဒ ပြောင်းလဲမှုများအရ KBZPay ဝန်ဆောင်မှုများအား ပြည်တွင်း မြန်မာဖုန်းနံပါတ်ဖြင့်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။ သို့ဖြစ်ပါ၍ 19 March 2025 ရက်နေ့မှ စတင်ကာ ငွေလွှဲဝန်ဆောင်မှုများအား ယာယီ ဆိုင်းငံ့ထားမည် ဖြစ်ပါ သောကြောင့် လူကြီးမင်း၏ KBZPay အကောင့်အား အဆင်ပြေစွာ ဆက်လက်အသုံးပြုနိုင်ရန်အတွက် မြန်မာဖုန်းနံပါတ်ဖြင့် ပြောင်းလဲ အသုံးပြုရန်လိုအပ်ပါသည်။ ဖုန်းနံပါတ် ပြောင်းလဲရန် KBZPay Application ထဲရှိ “ဖုန်းနံပါတ်ပြောင်းရန်” Function တွင် လုပ်ဆောင်ရမည့် အဆင့်တစ်ခုချင်းစီအား လိုက်နာ၍ လွယ်ကူစွာပြောင်းလဲနိုင်ပါသည်။ ဖုန်းနံပါတ် ပြောင်းလဲနိုင်ရန် လူကြီးမင်း၏ KBZPay App အား မကြာမီရက်အတွင်း ထွက်ရှိလာမည့် ဗားရှင်း 5.8.1 သို့ အဆင့်မြှင့်တင်ထားရန်လည်း လိုအပ်ပါသည်။ ဗားရှင်း 5.8.1 မထွက်ရှိသေးခင်ကာလ အတွင်း ဖုန်းနံပါတ်အား အမြန် ပြောင်းလဲ တပ်ဆင်လို ပါကလည်း Virtual Customer Support ဖြင့် Booking ပြုလုပ်ပြီး ဝန်ဆောင်မှု ရယူနိုင်ပါသည်။ အခက်အခဲတစ်စုံတစ်ရာရှိပါက query@kbzpay.com သို့ email ပေးပို့၍ ဖြစ်စေ၊ 3211 သို့ ဖုန်းဆက်သွယ်၍ ဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ပါသည်။”ဟု မြန်မာလို ပေးပို့ခဲ့ပြီး အင်္ဂလိပ်စာဖြင့် ပေးပို့မှုတွင်မူ မြန်မာဖုန်းနံပါတ်သို့ မပြောင်းလဲပါက မတ်လ ၂၁ ရက်မှစတင်ကာ ငွေလွှဲဝန်ဆောင်မှုကို ယာယီပိတ်မည်ဟု အသိပေးခဲ့သည်။
အဆိုပါဖြစ်စဥ်ကို KBZ Pay Operator မှ တာဝန်ကျဝန်ထမ်းတစ်ဦးကလည်း “လက်ရှိမူဝါဒ ပြောင်းလဲမှုတွေအရ KBZPay Account ကို ပြည်တွင်းဖုန်းနံပါတ်နဲ့သာ အသုံးပြုနိုင်တော့မှာ ဖြစ်တဲ့အတွက် လူကြီးမင်းအနေနဲ့ KBZPay မှာ အသုံးပြုနေတဲ့ ပြည်ပဖုန်းနံပါတ်ကို ပြည်တွင်းဖုန်းနံပါတ် တစ်ခုခုနဲ့ ပြောင်းလဲ အသုံးပြုပေးဖို့လိုအပ်ပါတယ်”ဟု ဖြေဆိုသည်။
ထိုင်းနိုင်ငံ၊ နယ်စပ်ဒေသများဖြစ်ပြီး NUG, PDF နှင့် KNU လက်နက််ကိုင်များ မှီတည်ရာ မြဝတီ၊ မဲဆောက်ဒေသမှ PDF ထောက်ပို့များနှင့် တရားမဝင်ကျားဖြန့်လုပ်ငန်းအချို့က ခြေရာခံရမလွယ်ကူသော ထိုင်းဖုန်းကတ်များနှင့် ပြည်ပဖုန်းကတ်များဖြင့် KBZ Pay အကောင့်ဖွင့်ကာ တရားမဝင်ငွေစီးဆင်းမှု ပြုလုပ်ကြသလို NUG Pay ဖြင့် ငွေကြေးဖလှယ်ကာ အဆိုပါ ငွေကြေးများဖြင့် လက်နက်ဝယ် ထောက်ပို့မှုပြုလုပ်နေသဖြင့် ထိုသို့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ရန် ကန့်သတ်လိုက်ခြင်းဖြစ်ဖွယ်ရှိကြောင်းလည်း မဲဆောက်မြို့တွင် ကျပ်/ဘတ် လဲလှယ်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက MT News ကို ပြောသည်။