
၁၉.၃.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မတ်လ ၁၈ ရက်မှာကြာရှည် စွာ ဖုန်းဆက်သွယ်ပြောကြားခဲ့အပြီးမှာတော့ ယူကရိန်းနိုင်ငံအတွင်းမှာရှိတဲ့ စွမ်းအင်အခြေခံအဆောက်အအုံပစ်မှတ်တွေအပေါ် တိုက်ခိုက်မှုတွေကို ရက် ၃၀ အပစ်အခတ်ရပ်ဆိုင်းဖို့ ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
ရုရှားသမ္မတ ပူတင်က ရုရှားစစ်ဘက်အဖွဲ့အစည်းတွေကို ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာအဆောက်အအုံပစ်မှတ်တွေကို ရက် ၃၀ မတိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တာပါ။ ဒါပေမယ့် ယူကရိန်းဘက်က အကောင်အထည်ဖော်ဖို့ အဆင်သင့်ပါလို့ပြောခဲ့တဲ့ အမေရိကန်အဆိုပြုထားတဲ့ ရက်-၃၀ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ရုရှားက လက်ခံဖို့အထိတော့ မရောက်ဘဲ ရပ်တန့်ခဲ့ရပါတယ်။
သမ္မတ ပူတင်က ဒီလိုမျိုး ရက်-၃၀ အပစ်အခတ်ရပ်ခဲ့ရင် ယူကရိန်းအနေနဲ့ စစ်အင်အားစုရုံးနိုင်ဖို့နဲ့ လက်နက်တပ်ဆင်မှုတွေ ပြန်လည်ပြုလုပ်ဖို့ အချိန်ပေးလိုက်သလိုဖြစ်မှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။
ဒါ့ပြင် ပူတင်က ပဋိပက္ခအခြေအနေမြင့်တက်လာမှာနဲ့ ပြဿနာကို နိုင်ငံရေးနဲ့ သံတမန်ရေးနည်းလမ်းတွေအရ ဖြေရှင်းနိုင်ဖို့ဆိုရင် ယူကရိန်းကို ပြည်ပစစ်ရေးအကူအညီနဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေ လုံးဝရပ်ဆိုင်းဖို့က အဓိကကျတယ်လို့ ထရန့်ကို ထောက်ပြခဲ့တယ်လို့လည်း သိရပါတယ်။
အိမ်ဖြူတော်ကထုတ်ပြန်တဲ့ ကြေညာချက်တစ်ရပ်မှာတော့ ခေါင်းဆောင်နှစ်ဦးဟာ ပင်လယ်ရေကြောင်း သွားလာရေးဆိုင်ရာ အပစ်အခတ်ရပ်စဲမှုတွေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာလည်း ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေကို ချက်ချင်းစတင်သွားဖို့ သဘောတူခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။
သမ္မတထရန့်က Truth လူမှုကွန်ရက်ပလက်ဖောင်းမှာ ရုရှားသမ္မတပူတင်နဲ့ စကားပြောရတာက အရမ်းကောင်းပြီး အပြုသဘောဆောင်တယ်လို့ ရေးသားခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးကတော့ သူ့အနေနဲ့ အမေရိကန်ရဲ့ အဆိုပြုမှုကိုထောက်ခံပြီး ရုရှားရဲ့ စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုကိုလည်း ရပ်တန့်မယ်လို့ ပထမ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူက ရုရှားအစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို နှောင့်နှေးနေပြီး ယူကရိန်းအစိုးရ အားနည်းအောင်လုပ်နေတယ်လို့ သတိပေးခဲ့ပါတယ်။
မတ်လ ၁၈ ရက် ညပိုင်းမှာတော့ ယူကရိန်းမြို့တော် ကီးအက်ဗ်ကို တိုက်ခိုက်မှုအပါအဝင် ရုရှားရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုတွေကို ထောက်ပြပြီး ပူတင်အနေနဲ့ ငြိမ်းချမ်းရေးကို လုံးဝအလေးမထားတဲ့ လက္ခဏာတွေပဲလို့ ပြောခဲ့ပါတယ်။
ဒီအချိန်မှာ ဥရောပခေါင်းဆောင်တွေက သူတို့အနေနဲ့ ယူကရိန်းကို ဆက်လက်ထောက်ခံသွားကြမယ်ဆိုတာ ပြောခဲ့ကြပါတယ်။ အရင် ဂျာမနီနိုင်ငံအဓိပတိ အိုလတ်ဖ်စခိုးလ်ဇ်က ပြင်သစ်နိုင်ငံသမ္မတ အီမာနျူရယ်လ် မက်ခရွန်နဲ့အတူ ဘာလင်မြို့မှာသတင်းစာရှင်းပွဲလုပ်ခဲ့ရာမှာ ယူကရိန်းအနေနဲ့ ဥရောပတိုက်ကို အားထားနိုင်ပြီး ကျွန်တော်တို့ကလည်း ယူကရိန်းကို ဘယ်တေ့ာမှ ကျဆုံးခံမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ပြင်သစ်သမ္မတ မက်ခရွန်ကလည်း ကျွန်တော်တို့က ရုရှားရဲ့တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ ယူကရိန်း စစ်တပ်ကို အထောက်အပံ့ပေးသွားမှာပါလို့ ပြောခဲ့ပါတယ်။
Ref- Al Jazeera