




၁၈.၃.၂၀၂၅
Wtitten By Zun
ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားအနီး ကားဂိုဒေါင်တစ်ခုတွင် ယနေ့ မတ်လ ၁၈ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
တက်ခ်ခရိုင်၊ မဲဆောက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မီးလောင်သည့် သတင်းကို သိရသောကြောင့် မီးလောင်မှုကို မဲဆောက်ခရိုင် အထူးတပ်ဖွဲ့မှ မီးသတ်ယာဉ်များဖြင့် ပူးပေါင်း ငြှိမ်းသတ်ခဲ့ကြကြောင်း၊ မီးလောင်သော နေရာမှာ ထိုင်း-မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ဝမ်းတာကင်းကျေးရွာအပိုင်၊ ထိုင်း – မြန်မာ ချစ်ကြည်ရေးအမှတ် (၂) တံတားအနီးရှိ သိမ်းဆည်းမိသည့် ကားများကို ထားရှိသည့် ကားဂိုဒေါင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အချိန်ကြာကြာရပ်ထားကြသည့် ရာဂဏန်းနှင့်ချီသော ကားအဟောင်း မြောက်များစွာ မီးလောင်ကျွမ်းခံခဲ့ရ ကြောင်း ၊ မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့များ ပူးပေါင်းကြိုးစားငြှိမ်းသတ်ခဲ့ရကြောင်းလည်း ဒေသတွင်း သတင်းများက ဆိုသော်လည်း မီးလောင်ရသည့်အကြောင်းရင်းကိုမူ ဖော်ပြထားခြင်း မရှိသေးပေ။
လက်ရှိတွင် အခင်းဖြစ်နေရာ၌ မဲဆောက်ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများရောက်ရှိနေပြီး မီးလောင်မှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Photo- matichon