
၁၈. ၃. ၂၀၂၅
Written by Nyein Kyaw
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယမြောက်နေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုရာတွင် မြန်မာစာဖြေဆိုသူဦးရေထက် ၂၃၀ ဦး (သုည ဒသမ ၁၁ ရာခိုင်နှုန်း)သာ လျော့ကျခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် စာစစ်ဌာန ၈၁၇ ခုဖွင့်လှစ်ပြီး ပိတ်ရက်မရှိ မတ်လ ၁၇ ရက်(ယမန်နေ့)မှစတင်၍ မတ်လ ၂၂ ရက်အထိ ဖြေဆိုရမည်ဖြစ်သည်။
ဖြေဆိုရန်စာရင်းပေးသွင်းသူ ကျောင်းသား/ကျောင်းသူဦးရေ ၂၂၀,၈၄၃ ဦးရှိခဲ့ရာ ယမန်နေ့တွင် မြန်မာစာဘာသာ စတင်ဖြေဆိုခဲ့ရာ လာရောက်ဖြေဆိုသူ ၂၀၈,၈၈၉ ဦး (၉၄ ဒသမ ၅၉ ရာခိုင်နှုန်း) ရှိခဲ့သည်။ ဒုတိယမြောက်နေ့အဖြစ် အင်္ဂလိပ်စာဖြေဆိုသည့် ယနေ့တွင် လာရောက်ဖြေဆိုသူ ၂၀၈,၆၅၉ ဦး ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၄၈ ရာခိုင်နှုန်းသာရှိတော့၍ မြန်မာစာဖြေဆိုသူဦးရေထက် လာရောက်ဖြေဆိုသူ ၂၃၀ ဦး (သုည ဒသမ ၁၁ ရာခိုင်နှုန်း) လျော့ကျခဲ့သည်။
မတ်လ ၁၉ ရက်(ယမန်နေ့)တွင် သင်္ချာဘာသာ၊ မတ်လ ၂၀ ရက်တွင် ဓာတုဗေဒဘာသာနှင့် ပထဝီဝင်ဘာသာ၊ မတ်လ ၂၁ ရက်တွင် ရူပဗေဒဘာသာနှင့် သမိုင်းဘာသာ၊ မတ်လ ၂၂ ရက်တွင် ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာတို့ကို ဆက်လက်ဖြေဆိုရမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၁၄၆,၅၀၀ ကျော်ရှိခဲ့ပြီး လာရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၀၀ ကျော် (ဖြေဆိုသူဦးရေ ၈၈ ရာခိုင်နှုန်းခန့်) ရှိခဲ့သလို ဖြေဆိုသူဦးရေ၏ ၅၈ ရာခိုင်နှုန်းနီးပါးဖြစ်သည့် ၇၄,၅၉၂ ဦး စာမေးပွဲ အောင်မြင်ခဲ့သည်။