

၁၈.၃.၂၀၂၅
Written By MT News
ပြည်ပသို့ အလုပ်သမားပို့ဆောင်နေကြသည့် အေဂျင်စီများအနေဖြင့် စာချူပ်ချုပ်ဆိုပြီးအလုပ်သမားများကို စေလွှတ်ပြီးမှသာ နောက်ထပ် အလုပ်ခေါ်စာတင်ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA )က သိရသည်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် နိုင်ငံအလိုက် အလုပ်သမားစေလွှတ်ခွင့် တင်ပြရာတွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၃၁ ရက်မတိုင်မီ ထိုင်းနိုင်ငံအတွက် အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ်ချုပ်ဆိုပြီးသည့် အလုပ်သမားများနှင့် အခြားနိုင်ငံများအတွက် မှန်ကန်သော စစ်ဆေးပြီး Demand Letter ဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် အလုပ်သမားများစေလွှတ်ပြီးမှသာ Demand Letter အသစ်တင်ပြခြင်းကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဇန်နဝါရီလ ၃၀ ရက် နောက်ပိုင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန သို့တင်ပြခဲ့သည့် Demand Letter များကို လည်း အေဂျင်စီတစ်ခုလျှင် တင်ပြရမည့် ကန့်သတ်လူဦးရေစာရင်းကို ထပ်မံအကြောင်းကြားသွားမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA )က ထုတ်ပြန်ထားသည်။
အေဂျင်စီများမှ နိုင်ငံအလိုက်စေလွှတ်မည့် အလုပ်သမားများအတွက် OWIC ပြုလုပ်ပြီးပါက ပြည်ပသို့စေလွှတ်ခွင့်ပြုရေးလိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း သိရသည်။