




၁၈.၃.၂၀၂၅
Written By Thandar
CANAL+ ရဲ့ကိုယ်ပိုင်ဖန်တီးထားတဲ့ သဘာဝလွန် ဖြစ်ရပ်ဆန်းကြယ် ဒရာမာဇာတ်လမ်းပုံစံ “လွန်း” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို ယနေ့ မတ်လ ၁၈ ရက် နေ့လယ့ ၂နာရီက ရန်ကုန်မြို့ Kantaryar Shopping Mall ရှိ Rangoon Cineplex မှာ ကျင်းပခဲ့ပါတယ်။
“မြန်မာအငွေ့အသက်ဖြစ်တဲ့ ယက္ကန်းလည်းပါတဲ့ ဇာတ်အိမ်လေးကို အခြေတည်ထားပါတယ်။ Canal+ နဲ့ Bonanza တို့က ပူပေါင်းတင်ဆက်တဲ့ ကားလည်းဖြစ်တယ်။ ၁၉၈၀ လောက်က အချိန်အခါတစ်ခု အခြေခံထားတာဖြစ်တယ်။ အကြားအမြင်ဟောတာတွေလည်းပါတယ်။ ဆန်းဆန်းပြားပြား ဇာတ်အိမ်လေးလည်း Horror Suspense Drama မိသားစုဇာတ်လေးဆိုပေမယ့် တကယ်တမ်း အပြင် လက်တွေ့ဘဝနဲ့ နီးစပ်တဲ့ စရိုက် လက္ခဏာတွေလည်းပါပါတယ်” လို့ ဒါရိုက်တာ ပြည့်ဖြိုးနိုင် (PPN) က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်းအနေနဲ့ ဟေမာန်ဟိဏ်း၊ ညိုထွေး၊ ရည် မွန်ထက်တို့က ရေးသားပြီး ဒါရိုက်တာ ပြည့်ဖြိုးနိုင်(PPN) က ရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရေချမ်း၊ နေ့သစ်အေးအောင်၊ သားညီ၊ မင်းသူ၊ လင်းလပြည့်ထက်၊ လင်းဇာနည်ဇော်၊ အကယ်ဒမီခင်မို့မို့အေးစတဲ့ အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။
အပိုင်း ၂၀ ပါဝင်တဲ့ “လွန်း” ဇာတ်လမ်းတွဲကြီးကို မတ်လ ၂၄ ရက်နေ့မှစပြီး အပတ်စဥ် တနင်္လာနေ့ ကနေ သောကြာနေ့ ည ၇ နာရီတိုင်း CANAL+ ZAT LENN ရုပ်သံလိုင်းက ပြသပေးသွားဖြစ်ပါတယ်။