
၁၈. ၃. ၂၀၂၅
Written by Nay Moe
ဝမ်းတွင်းမြို့နယ်၊ ရိုးကန်ရွာမှ ထွေအုပ်စာရေးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆိုင်ကယ်တစ်စီးဖြင့်ရောက်လာသော PDF လေးဦးက ပစ်ခတ်သတ်ဖြတ်လိုက်သဖြင့် နှစ်ဦးစလုံးသေဆုံးသွားမှု မတ်လ ၁၇ ရက်က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခု ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရိုးကန်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးမောင်(၄၅)နှစ်သည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာစာရေး ဦးမျိုးဇင်ဝင်း(၃၉)နှစ်နှင့်အတူ ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။