
၁၈. ၃. ၂၀၂၅
Written by Nay Moe
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့မှာ PDF တို့ ထောင်ထားတဲ့ နင်းမိုင်းနင်းမိရာက အမျိုးသားတစ်ဦးသေဆုံးပြီး ဇနီးမောင်နှံနှစ်ဦး ခြေပြတ်တောက်ကာ ဒဏ်ရာရမှု မနေ့က တစ်ရက်တည်းမှာဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်က မနေ့က မတ်လ ၁၇ ရက် မွန်းတည့် ၁၂ နာရီမှာ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ အောင်တော်မူရပ်ကွက်နေ ဦးအောင်မိုး(ခ)မျိုးနိုင်(၆၂)နှစ်ဟာ ထင်းခုတ်ဖို့ နေအိမ်ကနေ ရပ်ကွက်အနီးရှိ တောအတွင်းကို ခြေလျင်ထွက်ခွာလာချိန် ဒေသအခေါ် “ပေါက်ချောင်းအစပ်” အရောက်မှာ PDF တွေ ထောင်ထားတဲ့ နင်းမိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့တာကြောင့် ဦးအောင်မိုး(ခ)မျိုးနိုင်မှာ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့တာပါ။

အလားတူ ညနေ ၄ နာရီ ၅၀ မိနစ်မှာ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရွှေပေါက်ပင်ရပ်ကွက်နေ ဦးဝင်းမြင့်(၅၃)နှစ်ဟာ ဇနီးဖြစ်သူ ဒေါ်မြတ်မြတ်သူ(၄၀)နှစ်နဲ့ အတူ နေအိမ်ကနေ ဒေသအခေါ် “ပေါက်ချောင်းအရှေ့ဘက်ကမ်း” ရှိ ၎င်းတို့ပိုင်စိုက်ခင်းဆီ ခြေလျင်ထွက်ခွာလာချိန် ပေါက်မြို့-ပေါက်ချောင်းကျေးရွာသွား မြေနီလမ်းပေါ်အရောက် PDF အဖွဲ့က ထောင်ထားတဲ့ နင်းမိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဦးဝင်းမြင့်ဟာ ဝဲခြေထောက် ပြတ်တောက်ဒဏ်ရာနဲ့ ဒေါ်မြတ်မြတ်သူမှာ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေရရှိခဲ့လို့ ဆေးကုသနိုင်ရေး ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ရတယ်လို့ သိရပါတယ်။