
၁၈.၃.၂၀၂၅
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် နှစ်ရက်ဆက်တိုက်မီးလောင်မှုဖြစ်ပွားကာ လူနေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ မြဝတ်ရည်လမ်းရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်တွင် မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၂၈ မိနစ်ခန့်က မီးဖိုမီးကြွင်းမီးကျန်များမှ နေအိမ်အကာသို့ မီးကူးစက်လောင်ကျွမ်းခဲ့သည်။


မီးလောင်မှုမှာ မိနစ် ၃၀ ကျော် ကြာမြင့်ခဲ့ပြီး အလျားပေ ၄၀၊ အနံ ၃၆ ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၂ ထပ်နေအိမ် ၁ လုံး၊ အလျား ပေ ၂၀၊ အနံ ၁၈ ပေ ရှိ ၂ ခန်းတွဲ၊ သွပ်မိုး၊ ပျဉ်ကာ၊ပျဉ်ခင်း ၁ ထပ် နေအိမ် ၁ လုံး၊ စုစုပေါင်း လူနေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
နေအိမ်၂ လုံး မီးလောင်မှုကြောင့် အိမ်ငှားနေထိုင်သော ဒေါ်အမွန်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် တောင်ကြီးမြို့ အမှတ် (၂) ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အလားတူ မတ်လ ၁၆ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်က တောင်ကြီးမြို့နယ်၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ နယ်မြေ(၁၀)၊ မဟာဗန္ဓုလလမ်းရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်တွင် လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားရာမှ လျှပ်စစ်မိန်းခုံ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။
မီးလောင်မှုကြောင့် စတင်မီးလောင်သော အလျား ပေ ၂၀၊ အနံ ၁၅ ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ၁ ထပ် နေအိမ် ၁ လုံး၊ 11/0.4 KV 200 KVA ထရမ်စဖော်မာ ၁ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်မှုကြောင့် ပိုင်ရှင် ဦးနေမင်းဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ဖြင့် တောင်ကြီးမြို့ အမှတ်(၂)ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။