၁၉. ၁ . ၂၀၂၃
Written By Thandar
ပရိသတ်နဲ့ နီးစပ်မှုပိုမိုရှိလာအောင် သီချင်းလေးတွေ ဆက်တိုက်ထုတ်လာတဲ့ အဆိုတော်စိန်လင်းကတော့ အပြင်မှာလည်းတကယ်အသည်းကွဲသွားလို့ အသည်းကွဲသီချင်း “ငါ”ကို ဆိုဖြစ်ခဲ့တာပါလို့ MT News Entertainment ကို ပြောပါတယ်။ ဒီသီချင်းရိုက်ကူးရင်း တကယ်အသည်းကွဲ ခံစားချက်တွေရှိနေလို့ မျက်ရည်အစစ်တွေနဲ့ ငိုထားတဲ့ “ငါ” Music Video သီချင်းကိုတော့ ယနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ ည ၇နာရီမှာ UG Entertainment၊ Facebook Page၊ https:// youtube.com/ @SeinLinnaroma ကနေ တင်ဆက်မှာ ဖြစ်ပါတယ်။
“ကျွန်တော့်အနေနဲ့ ခုအသည်းတွေ ကွဲနေလို့ပါ။ ကိုယ့်လိုအသည်းကွဲသူတွေ ခံစားလို့ကောင်းဖို့ သေချာခံစားဆိုထားတယ်။တချိန်ကအသည်းကွဲခဲ့တဲ့ ခံစားချက်ရှိနေတော့ မျက်ရည်အစစ်နဲ့ငိုမိတာလည်း ရှိခဲ့တယ်။ အသည်းကွဲတဲ့အကြောင်း စဉ်းစားလိုက်ချိန်မှာ မျက်ရည်က အလိုလိုကို ကျလာတာပါ၊ မျက်ရည်ကျမိတာက အပြင်မှာလည်း တကယ်အသည်းကွဲသွားလို့ပါ။ “ငါ”သီချင်းကို ခံစားချက် မုဒ်အပြည့်နဲ့ဆိုထားပါတယ် ”လို့ အဆိုတော် စိန်လင်းကပြောပါတယ်။
၂၀၁၉ခုနှစ်ထဲက တေးရေးဝေကြီးရဲ့ အဆွေးအသည်းကွဲတဲ့ မုဒ်နဲ့ ရေးပေးထားတဲ့ Pop Music အမျိုးအစားသီချင်းဖြစ်တယ်လို့ သိရပါတယ်။ Dream Lover Music Band က ကိုဝေဖြိုးတို့က တီးခတ်ပေးထားတာပါ။ “ငါ”သီချင်းကို UG Entertainment ဒါရိုက်တာထူးအောင်က သရုပ်ဆောင်တွေဖြစ်ကြတဲ့ စိန်လင်း၊ ဘုန်းလျှံ၊ ခြူးလေးတို့နဲ့အတူ ၂၀၂၂ ခုနှစ် ဇူလိုင်လက နံနက် ၉ နာရီကနေ ည ၁၂နာရီ ကျော်တဲ့အထိ မိုးရေထဲမှာ အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“ဒီသီချင်းလေးက ပရိသတ်တွေ ခံစားမှုရသတစ်ခုကို ပေးနိုင်မယ်လို့ ထင်ပါတယ်။ တေးရေးဆရာ ဝေကြီးဆီက သီချင်းရဖို့ကလည်း မလွယ်ဘူးလေ။ သူရေးထားတဲ့အထဲက တကယ်ကို ရှားရှားပါးပါး ခံစားမှုအပြည့်နဲ့ ရေးဖွဲ့ပေးတဲ့ သီချင်းလည်း ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ ပိုနှစ်သက်ပြီးတော့ ပိုတာဝန်ကြီးတဲ့ သီချင်းလို့လည်း ပြောလို့ရပါတယ်။ ခြူးလေးကလည်း ကိုဗစ်တွေဖြစ်နေတော့ အနုပညာအလုပ်တွေ ရပ်နားထားတဲ့အချိန် ကျွန်တော်သီချင်းကို ပထမဆုံးရိုက်ကူးပေးထားတာပါ။ ညီမလေးက ဝိတ်တွေလည်း ချထားတယ် အရမ်းလည်းလှနေတယ်။ ကိုဘုန်းလျှံကလည်း သူဌေးသားကြီးတစ်ယောက်ကူညီအားဖြည့်ပေးထားပါတယ်”လို့ သူက ဆက်လက်ပြောခဲ့ပါတယ်။