
၁၈. ၃. ၂၀၂၅
Written by Hey Mar
ပြည်မြို့ အ.ထ.က (၅) က ကျောင်းသားသုံးဦးနဲ့ ကိုယ်ပိုင်ကျောင်းက ကျောင်းသားတစ်ဦးတို့ ဧရာဝတီမြစ်ထဲ ရေဆင်းကူးရာက နှစ်ဦးရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က မတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာအုပ်စုအနီး၊ ဧရာဝတီမြစ်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ပရဟိတပါရမီပရဟိတ အသင်းထံကနေ သိရပါတယ်။


ဖြစ်စဉ်က ရွှေဘုံသာကျေးရွာအုပ်စု၊ ဧရာဝတီမြစ်တစ်ဖက်ကမ်း၊ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဧရာဝတီမြစ်ကမ်းရှိ ဆိပ်ခံဘောတံတားအနီးမှာ ကျောင်းသား လေးဦးရေဆင်းချိုးရာက နှစ်ဦးမှာ ရေစီးနဲ့အတူ မျောပါ နစ်မြုပ်သွားတာလို့ သိရပါတယ်။
ရေနစ်မြုပ်ခဲ့သူနှစ်ဦးက အောင်မြတ်ထူး(၁၄)နှစ်၊Grade-6 အ.ထ.က (၅) မှာ တက်ရောက်နေသူနဲ့ အောင်ဝင်းနိုင်(၁၆)နှစ်၊ Grade-10 အ.ထ. က (၅) မှာ တက်ရောက် စာမေးပွဲဖြေဆိုပြီးကြသူတွေလို့ သိရှိရပြီး ကျန်သူငယ်ချင်းနှစ်ယောက်နဲ့ လေးယောက်အတူ ရေကူးနေရာက သူတို့နှစ်ဦးမှာ ဧရာဝတီမြစ်ကမ်းနဲ့ ပေ(၅၀)ခန့်အကွာကို ရောက်ရှိသွားခဲ့ပြီး ရေနစ်မြှုပ်သွားခဲ့တဲ့အတွက် ကမ်းနားမှာတင် ရေချိုးနေတဲ့ အတူပါလာသူ နှစ်ဦးက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံခဲ့ရာ တာဝန်သိပြည်သူတချို့က ကူညီရှာဖွေခဲ့ပြီး ပြည် လူမှုကယ်ဆယ်ရေးအသင်းထံ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်းသိရှိရပါတယ်။


ရေနစ်တဲ့ ဆယ်ကျော်သက် လူငယ်နှစ်ဦးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ အတူ Pyay Recuse၊ ပရဟိတပါရမီလူမှုကူညီရေးအဖွဲ့တို့ဝိုင်းဝန်းရှာဖွေကြရာ ည ၆ နာရီ ၄၀ မိနစ်အချိန်မှာ ရုပ်အလောင်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ရေနစ်မြုပ်မှုဖြစ်စဉ်ကြောင့် သေဆုံးသူ အောင်မြတ်ထူးနဲ့ အောင်ဝင်းနိုင်တို့ရဲ့ ရုပ်အလောင်းတွေကို ရဲလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ပရဟိတ ပါရမီ ပရဟိတအသင်းက ပြည်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပြီး ပန်းတောင်းမြို့မရဲစခန်းက ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်ကို သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။