
၁၈. ၃. ၂၀၂၅
Written by Tha Doe
ထိုင်းနိုင်ငံက ဖူးခတ်ကမ်းခြေမှာ ထမင်းချိုင့်ဆေးပြီး စားကြွင်းစားကျန်တွေကို ပင်လယ်ထဲပစ်ချသူမြန်မာအမျိုးသမီးတွေနဲ့ ကြယ်ငါးဖမ်းသူ မြန်မာအမျိုးသားတွေကို ထိုင်းလူထု ရှုတ်ချနေကြပါတယ်။



ပထမဖြစ်စဥ်မှာ ဆယ်ဦးခန့်ပါတဲ့ မြန်မာအမျိုးသမီးတွေထဲက အမျိုးသမီးနှစ်ဦးဟာ အော်ကြီးဟစ်ကျယ်နဲ့ စကားပြောနေပြီး ထမင်းချိုင့်ဆေးနေရင်း စားကြွင်းစားကျန်တွေကို ပင်လယ်ထဲပစ်ချနေခဲ့တာပါ။ ဒီအမျိုးသမီးနှစ်ယောက်က ‘ရွာမှာလို ရေခပ်ချိုးဖို့လုပ်နေတယ်”ဆိုတဲ့စကားနဲ့ တချို့စကားသံတွေကို တိုင်းရင်းသားသံနဲ့ရောထွေးပြောနေတာဖြစ်ပြီး ဒီဖြစ်ရပ်အပေါ် “စည်းကမ်းမဲ့တဲ့နေရာ၊ မြန်မာကထိပ်ဆုံးဖြစ်နေပြီ”၊ ပင်လယ်ရေကစားရာမှာ ထမင်းချိုင့်ဆေးတာက ရေထုကိုညစ်ညမ်းစေသလို ရေကစားသူတွေကိုလည်း စော်ကားရာရောက်တာ”၊ “လက်သုံးချောင်းထောင်ပြီး ဆဲနေတဲ့ လူတွေမြင်ပါစေ။ မြန်မာပြည် မတိုးတက်တာအာဏာရှင်တွေကြောင့်ချည်းမဟုတ်၊ စည်းကမ်းမရှိကြလို့ တို့မြန်မာတွေ” စသလို ထိုင်းတွေရော၊ ဒီလိုအောက်တန်းကျမှုကို မနှစ်မြို့တဲ့ မြန်မာတွေက သတင်းဖော်ပြတဲ့ Phuket Times ရဲ့ Facebook နဲ့ Tiktok မှာ ဝေဖန်ထားကြသလို မြန်မာတွေကြောင့် ကမ်းခြေညစ်ပတ်နေပြီ၊ ဖမ်းဆီးအရေးယူသင့်တယ်လို့လည်း ရေးသားအပြစ်ဖို့ထားကြပါတယ်။



ဒုတိယဖြစ်ရပ်မှာလည်း ထိုင်းလို ရှင်းရှင်းလင်းလင်းမပြောတတ်တဲ့ မြန်မာအမျိုးသားတွေက Yauni ကမ်းခြေမှာ ကြယ်ငါးတွေကို ဖမ်းနေပြီး ထိုင်းတွေက ဖမ်းလို့မရဘူးလို့ အော်တာကို သူတို့က နားမထောင်တဲ့အပြင် ရဲကိုခေါ်ဖို့ပါ ပြန်အော်နေတာကို တွေ့ရပြီး မြန်မာတွေက ရေသတ္တဝါတွေနဲ့ သဘာဝကို ဖျက်ဆီးနေတယ်လို့ ရေးသားခဲ့တာပါ။
မနေ့က ထမင်းချိုင့်ဆေးပြီး ဖူးခက်ကမ်းခြေကို ညစ်ညမ်းစေခဲ့သလို ဒီနေ့မှာ ကြယ်ငါးတွေဖမ်းပြီး ရေသတ္တဝါတွေနဲ့ သဘာဝကို ဖျက်ဆီးနေတဲ့ မြန််မာနိုင်ငံသားတွေ စည်းကမ်းရှိဖို့လိုကြောင်း၊ မြန်မာတွေက ထိုင်းကအရာအားလုံးကို ဖျက်ဆီးဖို့ ဝင်လာခဲ့ကြောင်း ကဲ့ရဲ့ ရှုတ်ချနေတာကို တွေ့ရပါတယ်။
လတ်တလောမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်အပန်းဖြေရာ ဖူးခတ်ကမ်းခြေမှာ မြန်မာနိုင်ငံသားတွေရဲ့ စည်းကမ်းမဲ့လုပ်ရပ်တွေကို စစ်ဆေးအရေးယူဖို့ ဖူးခတ်ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့က အစည်းအဝေးပြုလုပ်နေသလို စစ်ဆေးအရေးယူမှုတွေလည်း လုပ်ဆောင်ဖွယ်ရှိနေတယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
Ref, Phuket Times