၁၉.၁.၂၀၂၃.
translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဆူရတ်သာနီပြည်နယ်အတွင်း သာချာနာခရိုင်၌ ဇန်နဝါရီလ ၁၉ ရက် နံနက်အစောပိုင်းနာရီများက မလေးရှားနယ်စပ်သို့ ဦးတည်မောင်းနှင်လာသော တိုယိုတာ Fortuner SUV ကားတစ်စီးက ၎င်းရှေ့မှကုန်ကားတစ်စီးကို နောက်မှဝင်တိုက်မိခဲ့ရာ ကားပေါ်ပါ တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးသေဆုံးပြီး အခြားခြောက်ဦး ဒဏ်ရာများရခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုက တောင်ဘက်သို့ အဝေးပြေးလမ်းမကြီးအမှတ် (၄) တွင် ကီလိုမီတာ ၁၂၀ အမှတ်အသားတိုင်၌ နံနက် ၁း၄၀ နာရီတွင် ဖြစ်ပွားခဲ့ခြင်းဟု သာချာနာခရိုင် ရဲတပ်ဖွဲ့ကပြောခဲ့သည်။ ရဲတပ်ဖွဲ့နှင့်ကယ်ဆယ်ရေးသမားများက ထိုနေရာတွင် ဆိုးရွားစွာပျက်စီးနေသော ဘန်ကောက်ကားလိုင်စင်အမှတ်အသားများနှင့် Fortuner SUV ကားကို တွေ့ကြရသည်။ ၎င်းကားရှေ့ပိုင်းက ၂၂ ဘီးကုန်တင်ယာဉ်ကြီး၏နောက်ကို ဝင်တိုက်မိပြီးနောက် ဆိုးရွားစွာကြေမွပျက်စီးနေကြောင်း တွေ့ကြရသည်။
SUV ကားပေါ်ပါတစ်ဦးမှ ာသေဆုံးခဲ့ပြီး ခြောက်ဦးမှာ ဒဏ်ရာများနှင့်ပိတ်မိနေ၍ ကယ်ဆယ်ရေးသမားများက ကားအတွင်းမှ ကယ်ထုတ်ခဲ့ရသည်။ ယာဉ်မောင်းကမူ ထွက်ပြေးသွားခဲ့ကြောင်း တွေ့ရသည်။ ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးချက်အရ ထိုကားက ရွှေ့ပြောင်းအလုပ်သမားများကိုတင်၍ ၎င်းတို့၏အလုပ်အကိုင်များအတွက် ရနောင်းပြည်နယ်မှ မလေးရှားသို့မောင်းနှင်လာစဉ် ဤသို့ကုန်တင်ထရပ်ကားအား နောက်မှဝင်တိုက်ခဲ့ခြင်းဟု သိရသည်။
ရဲတပ်ဖွဲ့က ထွက်ပြေးသွားသည့် SUV ယာဉ်မောင်းမှာ ထိုင်းနိုင်ငံသားဖြစ်ပြီး မောင်းနေစဉ် အိပ်ပျော်သွားသည်ဟု ယုံကြည်ကြသည်။ အသက်ရှင်ကျန်ရစ်သူ မြန်မာနိုင်ငံသား ခြောက်ဦးကိုလည်း လူဝင်မှုကြီးကြပ်ရေးသို့ ပြန်လည်လွှဲပြောင်းကာ ၎င်းတို့၏နိုင်ငံသို့ ပြန်လည်နှင်ထုတ်မည်ဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။
Ref—-Bangkok Post