
ပုံစာ။ ယနေ့နံနက်က ဖြစ်ပွားသော ဆီဘောက်ဆာနှင့် လိုက်ထရက်တို့ ယာဥ်တိုက်မှုမြင်ကွင်း (ဓာတ်ပုံ - သက်ဖြိုးကြိုင်၊ ချစ်ပို)
၁၈. ၃. ၂၀၂၅
Written by Thettant
ပဲခူးမြို့နယ်၊ ဒေးစွန်ပါစေတီတော်ထံ ဘုရားဖူးလာတဲ့ လိုက်ထရက်ယာဥ်ကို ဆီဘောက်ဆာက နောက်ကဝင်တိုက်ပြီး တက်ကြိတ်မိလို့ အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသမီး ၇ ဦး ဒဏ်ရာရမှု ဒီနေ့မနက်က ဖြစ်ပွားခဲ့တယ်လို့ ကနဦးသိရပါတယ်။
ဖြစ်စဥ်က ဒီနေ့မနက် ၈ နာရီခွဲအချိန်ခန့်မှာ ရန်ကုန်ဘက်က မောင်းနှင်လာတဲ့ ဆီဘောက်ဆာယာဥ်ဟာ ရန်ကုန်-မန္တလေးကားလမ်းဟောင်း ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ၊ ဒေးစွန်ပါမုခ်ဦးဝင်ပေါက်အနီးမှာ လားရာတူရှေ့က မောင်းနှင်လာတဲ့ လိုက်ထရပ်ယာဥ်က ဒေးစွန်းပါဘုရားလမ်းအတွင်း ချိုးကွေ့ဝင်ရောက်ချိန် အရှိန်ဖြင့် မောင်းနှင်လာတဲ့ ဆီဘောက်ဆာယာဥ်က အနောက်ကဝင်တိုက်မိပြီး လိုက်ထရပ်ယာဥ်ကို ဆီဘောက်ဆာယာဥ်က ဖိကြိတ်မိတာကြောင့် လိုက်ထရပ်ယာဥ်က ဆီဘောက်ဆာအောက် ပိမိလျက်သား ကြေမွသွားခဲ့တာလို့ ဒေသခံသတင်းသမားတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။








လိုက်ထရပ်ယာဥ်ခေါင်းခန်းမှာ ယာဥ်မောင်းပါ အမျိုးသား ၂ ဦး၊ နောက်ခန်းမှာ အမျိုးသမီး ၇ ဦး လိုက်ပါလာခဲ့ပြီး ခေါင်းခန်းထဲက အမျိုးသား ၂ ဦး သေဆုံးသွားခဲ့သလို ဒဏ်ရာရသူ ၇ ဦးမှာလည်း စိုးရိမ်ရသူ ၁ ဦးကို ရန်ကုန်ဆေးရုံကြီးထံ လွှဲပြောင်းကုသလျက်ရှိတယ်လို့ သိရပါတယ်။
“လိုက်ထရက်က ဘုရားဖူးလာတဲ့ကားပါ။ နောက်ကြောရှင်းမရှင်းကို သေချာမကြည့်လိုက်ဘဲ ဘုရားဘက်ကွေ့ဝင်တဲ့အချိန် ဆီဘောက်ဆာက အရှိန်မထိန်းနိုင်ဘဲ နောက်က ဝင်တိုက်မိရာက ရှေ့မှာသစ်ပင်လည်းခံနေတော့ ဆီဘောက်ဆာက လိုက်ထရက်ကို တက်ကြိတ်သလို တစ်စီးလုံး အောက်ရောက်သွားတာ။ ကားကတော့ ဒိုက်ဦးကလို့လည်း သိရတယ်”လို့ ဖြစ်စဥ်ကို ကူညီပေးခဲ့သူ ဒေသခံတစ်ဦးက ကနဦးမြင်သိရမှုအပေါ် MT News ကို ပြောပါတယ်။
ပုံစာ။ ယနေ့နံနက်က ဖြစ်ပွားသော ဆီဘောက်ဆာနှင့် လိုက်ထရက်တို့ ယာဥ်တိုက်မှုမြင်ကွင်း (ဓာတ်ပုံ – သက်ဖြိုးကြိုင်၊ ချစ်ပို)