
၁၈. ၃. ၂၀၂၅
Written by Nyein Kyaw
ငါးနှစ်သာ ငှါးရမ်းနေထိုင်ခွင့်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် အခန်းနေထိုင်ခွင့်ရရှိမည်ဟု လိမ်လည်မှုများနှင့် ကိုယ်တိုင်နေထိုင်ခြင်းမရှိ တစ်ဆင့်ငှားရမ်းနေထိုင်သူများ များပြားလာသည့်အတွက် ယင်းသို့ ဆောင်ရွက်သူများကို အရေးယူမည်ဖြစ်ကြောင်း အိမ်ရာအရှေ့ ဆိုင်းဘုတ်စိုက်ထူကာ ထပ်မံသတိပေးလာခဲ့သည်။

သုခဒဂုံ ပြည်သူ့အငှါးအိမ်ရာသည် နေရေးအခက်အခဲရှိသူများကို ငါးနှစ် ငှါးရမ်းနေထိုင်ခွင့် ပြုထားခြင်းဖြစ်သော်လည်း မသမာသူအချို့မှ အခန်းနေထိုင်ခွင့်ရမည်ဟု မက်လုံးပေးပြီး ငွေတောင်းခံလိမ်လည်သူများရှိနေသဖြင့် သတိပြုကြရန် ပြည်သူ့အငှားအိမ်ရာ နေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက အသိပေးထားခြင်းဖြစ်သည်။
ထို့ပြင် ငှါးရမ်းနေထိုင်ခွင့်ရရှိသူအချို့မှလည်း ကိုယ်တိုင်နေထိုင်ခြင်းမပြုဘဲ တစ်ဆင့်ငှါးရမ်းခြင်း၊ လွှဲပြောင်းခြင်းများရှိပါက အိမ်ခန်းငှါးရမ်းခွင့်ကို ရုပ်သိမ်းပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

ပြည်သူများအနေဖြင့် အလိမ်ခံရခြင်းမရှိစေရန် ယခုကဲ့သို့ အသိပေးခြင်းဖြစ်ပြီး မကြာမီ ထပ်မံပြီးစီးမည့် တိုက် ၅ လုံးကို မဲနှိုက်နေရာချထားပေးမည်ဖြစ်ကြောင်းပါ ကြိုတင်အသိပေးထားသည်။
သုခဒဂုံအိမ်ရာသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂) လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးတွင် အကောင်အထည်ဖော် တည်ဆောက်ထားသည့် ပြည်သူ့အငှားအိမ်ရာဖြစ်သည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်အတွင်း ထုတ်ပြန်ထားမှုအရ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။