
၁၈.၃.၂၀၂၅
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အကယ်ဒမီ ထွန်းထွန်းက အနုပညာအလုပ်ကို တန်ဖိုးထားပြီး ရိုရိုသေသေလုပ်လာတာ နှစ်ပေါင်း ၂၀ကျော်ရှိပြီမို့ စိန်ခေါ်မှုပြင်းတဲ့ကာရိုက်တာတွေ လုပ်ဆောင်ချင်တယ်လို့ ဖွင့်ဟလာပါတယ်။

“ကားပွဲစား လုပ်ရမှာကိုလည်း ကျွန်တော်မပျော်ဘူး။ ကျွန်တော်ပျော်တဲ့အလုပ်က သရုပ်ဆောင်တဲ့အလုပ်ပါ။ ကိုယ့်ပျော်တာကိုပဲ အားစိုက်လုပ်နေရတာကိုက ကိုယ့်ရဲ့ပျော်ရွှင်မှုပါပဲ။ တကယ်တော့ ကျွန်တော့်မှာ တခြားစီးပွားရေးလည်း ဘာမှမရှိဘူး။ တခြားစီးပွား ဘာမှကိုမရှိတာ။ အကြိမ်ပေါင်းများစွာလည်း ကျွန်တော်လဲ ကျတယ်။ တစ်ယောက်ယောက်က တွန်းတိုက်လို့ လဲကျတာလည်းရှိတယ်။ ကိုယ့်ဘာသာ လဲကျတာမျိုးလည်း ရှိတယ်။ အနုပညာအလုပ်ကို ရိုရိုသေသေ လေးလေးစားစား လုပ်လာခဲ့တာဆိုရင် နှစ် ၂၀ ကျော်ပါပြီ။ တကယ်တော့ ကျွန်တော်လဲကျတိုင်းပြန်ထလာတာ ဒီအနုပညာအလုပ်ပါပဲ။ သရုပ်ဆောင်နေရရင်ကို ပျော်နေတာ။ ဒါပဲ ကျွန်တော်က လုပ်တတ်တာလေ။ ကျွန်တော့်အနေနဲ့ သဘာဝကျကျဇာတ်ဆောင်နေရရင်ကို ပျော်မွေ့နေမှာပါ။ နောက်နောင်မှာလည်း စိန်ခေါ်မှုပြင်းတဲ့ ကာရိုက်တာတွေ သရုပ်ဆောင်ပြချင်တယ်”လို့ အကယ်ဒမီ ထွန်းထွန်းက ပြောပါတယ်။

သူကတော့ အနုပညာနဲ့ပတ်သက်ရင် သဘာဝကျတဲ့မင်းသားတွေ သဘာဝကျတဲ့ ဇာတ်ကားတွေ ကြိုက်နှစ်သက်သူလည်းဖြစ်တယ်လို့ သိရပါတယ်။
ထွန်းထွန်းက သံချောင်းဇာတ်ကားနဲ့ ပရိသတ်အားပေးမှုရရှိခဲ့တဲ့အတွက် စိန်ခေါ်မှုပြင်းတဲ့ ကာရိုက်တာတွေ လုပ်ဆောင်ကြည့်ချင်တာလို့လည်း သိရပါတယ်။