
စက်သုံးဆီဈေးနှုန်း ပြန်ကျဆင်းခဲ့သလို စားအုန်းဆီရည်ညွှန်းဈေးနှုန်းလည်း အနည်းငယ်ကျဆင်းလာ
၁၈. ၃. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၃ သန်း ထပ်မံရောင်းချပေးခဲ့သလို စားသုံးဆီနှင့် အခြားကုန်စည်များအတွက် တစ်ရက်ပျမ်းမျှ ဒေါ်လာ ၂ သန်းကျော် နေ့စဉ်ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် မတ်လ ၃ ရက်နှင့် ၁၀ ရက်တို့တွင် ဒေါ်လာနှင့် ထိုင်းဘတ်များ နှစ်ကြိမ်ရောင်းချပေးခဲ့ပြီးဖြစ်သည်။ ယခုထပ်မံရောင်းချပေးမှုအပါအဝင် စက်သုံးဆီများအတွက် နိုင်ငံခြားငွေ သုံးကြိမ်ရောင်းချပေးမှု ဒေါ်လာ ၈၉ သန်းနှင့် ထိုင်းဘတ်သန်း ၃၀၀ အထိ ထုတ်ရောင်းပေးထားသည်။
ထို့အတူ ယမန်နေ့တွင် ထုတ်ပြန်ချက်အရ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စားသုံးဆီနှင့် အခြားကုန်စည်များတင်သွင်းသည့် လုပ်ငန်းရှင်များအတွက် CMP လုပ်ငန်းများသို့ ဝင်ရောက်သည့် နိုင်ငံခြားငွေမှ တစ်ရက်လျှင် ပျမ်းမျှဒေါ်လာ ၂ ဒသမ ၂ သန်းခန့် နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း အသိပေးထားသည်။
ထို့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၁၅၀ ဝန်းကျင်နှင့် ဒီဇယ်တစ်လီ ကျပ် ၃၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သလို ဖေဖော်ဝါရီလတွင်လည်း အနည်းငယ်ထပ်မံမြင့်တက်ခဲ့သည့် စက်သုံးဆီဈေးနှုန်းသည် ယခုမတ်လအတွင်း စက်သုံးဆီအမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၁၀၀ မှ ၁၅၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့သည်။


အလားတူ စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းသည်လည်း မတ်လ ၂ ရက် ထုတ်ပြန်ချက်အရ တစ်ပိဿာ ကျပ် ၆,၉၀၅ ကျပ်ရှိခဲ့ရာမှ မတ်လ ၁၆ ရက်တွင် ကျပ် ၆,၈၇၅ ကျပ်သို့ ကျဆင်းခဲ့၍ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့သည်။
ယခုရက်ပိုင်းအတွင်း ပြည်ပမှ တင်သွင်းသည့် အခြားသောစားဆီဈေးနှုန်းများမှာ လက်ကားဈေးကွက်၌ တစ်လီတာဘူး (၅၀ ကျပ်သား)ပါ တစ်ဘူးလျှင် Meizan ဆီ ကျပ် ၆,၀၀၀ ခန့်၊ ပုဇွန်နှစ်ကောင်ဆီ ကျပ် ၆,၀၀၀ ခန့်၊ Cook နေကြာဆီ ကျပ် ၆,၅၀၀ ဝန်းကျင်၊ ယိုးဒယားပဲပိစပ်ဆီ ကျပ် ၆,၅၀၀ ဝန်းကျင်ရှိပြီး ဖေဖော်ဝါရီလကုန်ပိုင်းက ဈေးနှုန်းအတိုင်း ထပ်မံမြင့်တက်လာခြင်းမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း စားသုံးဆီ လက်လီ/လက်ကား ရောင်းဝယ်ရေးလုပ်ငန်းများမှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။