
၁၇. ၃. ၂၀၂၅
Written by Nyein Kyaw
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပရာ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၂၂၀,၈၄၃ ဦးရှိခဲ့ရာ လာရောက်ဖြေဆိုသူ ၂၀၈,၈၈၉ ဦး ဝင်ရောက်ဖြေဆိုခဲ့၍ ၉၄ ရာခိုင်နှုန်းအထိ လာရောက်ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား နေပြည်တော် ကောင်စီနယ်မြေအတွင်း မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန ၄၇ ခု၌ စာရင်းရှိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၂,၉၂၆ ဦးရှိရာ ဖြေဆိုသူဦးရေ ၁၂,၅၅၂ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။
အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ စာစစ်ဌာနပေါင်း ၇၇၀ ဌာနတို့တွင် စာရင်းရှိဦးရေမှာ ၂၀၇,၉၁၇ ဦးရှိရာ လာရောက်ဖြေဆိုသူ ဦးရေ ၁၉၆,၃၃၇ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။ နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ယနေ့တွင် ဖြေဆိုသူဦးရေ ၂၀၈,၈၈၉ ဦး (၉၄ ဒသမ ၅၉ ) ရာခိုင်နှုန်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။
မတ်လ ၁၈ ရက်တွင် အင်္ဂလိပ်စာဘာသာ၊ မတ်လ ၁၉ ရက်တွင် သင်္ချာဘာသာ၊ မတ်လ ၂၀ ရက်တွင် ဓာတုဗေဒဘာသာနှင့် ပထဝီဝင်ဘာသာ၊ မတ်လ ၂၁ ရက်တွင် ရူပဗေဒဘာသာနှင့် သမိုင်းဘာသာ၊ မတ်လ ၂၂ ရက်တွင် ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာတို့ကို နေ့စဥ် နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၁၄၆,၅၀၀ ကျော်ရှိခဲ့ပြီး လာရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၀၀ ကျော် (ဖြေဆိုသူဦးရေ ၈၈ ရာခိုင်နှုန်းခန့်) ရှိခဲ့သလို ဖြေဆိုသူဦးရေ၏ ၅၈ ရာခိုင်နှုန်းနီးပါးဖြစ်သည့် ၇၄,၅၉၂ ဦး စာမေးပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။