



၁၇.၃.၂၀၂၅
Written by KL
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲရွာမီးဘေးတွင် အသက် ၆၈ နှစ်အရွယ် အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး နေအိမ် ၃၇၂ လုံး မီးလောင်ပျက်စီးခဲ့၍ မီးဘေးသင့်သူ ၁၄၄၅ ဦးအတွက် အကူအညီများ ဆက်လက်လိုအပ်လျက်ရှိကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။
“မီးလောင်ပြင်ကို ရှင်းလင်းရင်း လူဦးရေစစ်တော့မှ အဘိုးအိုတစ်ယောက် မီးလောင်သေဆုံးတယ်ဆိုတာ သိတာ။ နွား သုံးကောင်ရယ်၊ ဝက် ၁၀ ကောင်လည်း မီးထဲပါသွားတယ်။ အိမ်ခြေအနေနဲ့ကတော့ ဝါးထရံကာနေအိမ် ၂၉၁ လုံး၊ ပျဉ်ထောင်အိမ် ၄၄ လုံး၊ တိုက်အိမ် ၃၇ လုံး မီးထဲပါသွားတယ်”ဟု မီးဘေးသင့်သူများကို ကူညီနေသူတစ်ဦးက ပြောသည်။



လတ်တလောတွင် အလှူရှင်များ လှူဒါန်းနေမှုများရှိသော်လည်း မီးဘေးသင့်သူဦးရေ များပြားခြင်း၊ နေအိမ်ဆုံးရှုံးမှု များပြားခြင်းတို့ကြောင့် အကူအညီများ ဆက်လက်လိုအပ်လျက်ရှိကြောင်း သိရသည်။
အဓိကလိုအပ်သောပစ္စည်းများမှာ လူနေအိမ်(သို့)ရွက်ဖျင်ယာယီမိုးကာတဲ၊ စားသောက်စရာနှင့်ဆေးဝါးများ၊ လိုအပ်ရာသုံးနိုင်ရန် ငွေကြေး၊အဝတ်အထည်နှင့် အိပ်ရာ၊ နွားစာအပါအဝင် လယ်ယာသုံးပစ္စည်းများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးသူငယ်များအတွက် လိုအပ်သည့် ဆေးဝါးနှင့်ဖြည့်စွက်စာများ၊ မသန်စွမ်းသူများအတွက် အထောက်အကူပြုပစ္စည်းများ၊ အမျိုးသမီးတစ်ကိုယ်ရည်သုံး ပစ္စည်းများ၊ သောက်သုံးရေအတွက် ပျက်စီးသွားသောစက်ရေတွင်းများ အချိန်မီပြန်လည်ပြုပြင်နိုင်ရန် ကွန်ခြူးပိုက်နှင့် ရေတုံကင်များ၊ ယင်လုံအိမ်သာတို့ဖြစ်ကြောင်းသိရသည်။
အဆိုပါ မီးဘေးသင့်ဖြစ်စဥ်မှာ မတ်လ ၁၂ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်က ပွင့်ဖြူမြို့နယ်ရှိ အိမ်ခြေ ၇၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော်နေထိုင်သော မုန်းဇလဲကျေးရွာတွင် ပေါ့ဆမီးကြောင့် ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၃၇၀ ကျော် မီးလောင်ခဲ့သောဖြစ်စဥ်ဖြစ်ကြောင်း MT News က ဖော်ပြခဲ့ပြီးဖြစ်သည်။
လှူဒါန်းလိုသူများအနေဖြင့် သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်း(ပွင့်ဖြူ) ဖုန်း – 09-256544398 နှင့် 09-424218182 တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။