
၁၇. ၃. ၂၀၂၅
Written by Nay Moe
ချင်းပြည်နယ်အတွင်း ဇိုမီးလူမျိုးများနေထိုင်ရာဒေသများ၌ လက်နက်မဲ့ပြည်သူလူထုများအပေါ် ချင်းလက်နက်ကိုင်များက မတရားဖမ်းဆီး ထိန်းသိမ်းခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ကျူးလွန်သည့်လုပ်ရပ်များ ဆက်တိုက်တွေ့ရှိနေရသဖြင့် ထိုကျူးလွန်မှုများကို အရေးယူမည်ဖြစ်ကြောင်း NUG လက်အောက်ခံ PDF Zoland က အခြား ချင်းလက်နက်ကိုင်များ၏ လုပ်ရပ်အပေါ် ခြိမ်းခြောက်စာထုတ်ပြန်သည်။
ဇိုမီးလူမျိုးများကို သတ်ဖြတ်မှုအဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၁၀) ရက်နေ့တွင် Chinland Council တပ်ဖွဲ့များဖြစ်သည့် CNF/CNA နှင့် CDF-Tonzang အမည်ခံ တပ်ဖွဲ့များမှ စိတ်ကျန်းမာရေးချို့ယွင်းသူ ပြည်သူ (၁) ဦးကို ဖမ်းဆီးရိုက်နှက်ပြီး သတ်ဖြတ်ခဲ့သည်ဟု PDF Zoland က ပြောသည်။
ထို့အတူ ၂ဝ၂၅ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင် Bukphil ကျေးရွာနှင့် Ngalbual ကျေးရွာအတွင်း နေထိုင်သော အပြစ်မဲ့အရပ်သားပြည်သူ (၁၂) ဦးကိုလည်း Chinland Council တပ်ဖွဲ့များဖြစ်သည့် လက်နက်ကိုင် CDF-Hualngoram အမည်ခံ တပ်ဖွဲ့များမှ မတရားဖမ်းဆီးခဲ့သည်ဟုလည်း ဆိုသည်။
ယင်းအပြင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် Ngalbual ကျေးရွာနေ လက်နက်မဲ့ပြည်သူ (၂) ဦးကို လက်နက်ကိုင် ZRA အဖွဲ့အမည်ခံ တပ်ဖွဲ့များမှ ဖမ်းဆီးရိုက်နှက်ပြီး သတ်ဖြတ်ခဲ့သည်ဟုလည်း PDF Zoland က စွပ်စွဲသည်။
ဤကဲ့သို့ PDF Zoland နယ်မြေအတွင်း လက်နက်မဲ့၊ အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်သည့် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းလုပ်ရပ်များအားလုံးကို ZFU/PDF Zoland အနေဖြင့် အပြင်းအထန် ရှုတ်ချကြောင်းနှင့် နောက်နောင်တွင် ပြည်သူလူထုအပေါ်အလားတူ လူ့အခွင့်အရေးချိုးဖောက်သည့် လုပ်ရပ်များအား မည်သည့်အဖွဲ့အစည်းကမှ ထပ်မံမကျူးလွန်ကြရန် သတိပေးလိုပြီး ဆက်လက် ကျူးလွန်လာပါက ZFU/PDF Zoland သည် ပြည်သူများနှင့်အတူ အမြဲရပ်တည်လျက် အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။