
၁၇. ၃. ၂၀၂၅
Written by Nay Moe
အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ စစ်ဆင်ရေးနယ်မြေအတွင်း အခြား PDF လက်နက်ကိုင် အဖွဲ့အစည်းများက ဆက်ကြေးကောက်၊ သစ်ခိုးထုတ်မှုများကို လက်ခံမည်မဟုတ်ကြောင်း အုတ်ဖို PDF က ထုတ်ပြန်ထားသည်။




ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ စစ်ဆင်ရေးနယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့က စစ်ကြောင်းထိုးခြင်းများ ရှိလာပြီး စစ်ဆင်ရေးအရှိန် မြင့်တက်လာသောကြောင့် မတ်လ ၁၆ ရက်မှ စတင်၍ မော်တော်ယာဥ်၊ သုံးဘီး၊ ဆိုင်ကယ်၊ ကျွဲ၊ နွားများ သွားလာခွင့် တားမြစ်လိုက်သည်ဟု အုတ်ဖို PDF ၏ ထုတ်ပြန်ချက်က ဆိုသည်။




ယခုလို တားမြစ်ချက် ထုတ်ပြန်ရခြင်းသည် စစ်ဆင်ရေးများကြား ပြည်သူများ မထိခိုက်စေရန်နှင့် သစ်တော သယံဇာတများအား တရားမဝင် ခိုးထုတ်မှုများကို ထိထိရောက်ရောက် အရေးယူနိုင်ရန်အတွက်ဖြစ်ပြီး ပြည်သူများအနေနှင့် ထုတ်ပြန်ချက်ကို လိုက်နာပေးကြရန်လည်း ထုတ်ပြန်ချက်က ဖော်ပြသည်။
အုတ်ဖို PDF အဖွဲ့သည် သစ်တောသယံဇာတများအား ကာကွယ်ထိန်းသိမ်းနေသလို တရားမဝင် သစ်ခိုးထုတ်မှုများကိုလည်း ဖမ်းဆီးအရေးယူနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဖြစ်သည့်အတွက် ဂိတ်ကြေး (ဆက်ကြေး) ကောက်ခံခြင်း၊ သစ်ခိုးထုတ်ခြင်းများ လုံးဝ (လုံးဝ) လုပ်ဆောင်ခြင်း မရှိကြောင်းနှင့် အခြား PDF အဖွဲ့အစည်းများ လုပ်ဆောင်ခြင်းကိုလည်း လက်မခံကြောင်း အုတ်ဖို PDF ၏ အသိပေးချက်တွင် ဖော်ပြထားသည်။