
ပုံစာ။ Du Huzhen နှင့်သားဖြစ်သူ
၁၇. ၃. ၂၀၂၅
Translated by Thettant
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေတယ်ဆိုတဲ့ ပျောက်ဆုံးခင်ပွန်းက သူ့ကတိအတိုင်း တစ်နေ့ပြန်လာမယ်ဆိုခဲ့တာကြောင့် အနှစ် ၈၀ ကျော်ကြာ စောင့်ဆိုင်းပြီးနောက်မှာ အသက် ၁၀၃ နှစ်အရွယ် တရုတ်အဘွားအိုဟာ မတ်လဒုတိယအပတ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အသက် ၁၀၀ ကျော် အမျိုးသမီးကြီးဟာ ၁၉၅၂ ခုနှစ်တုန်းက သူမထံ နောက်ဆုံးစာတစ်စောင်ပေးပို့ပြီးနောက်မှာ ပျောက်ဆုံးနေတဲ့ ခင်ပွန်းကို ရှာဖွေဖို့ မျှော်လင့်ချက်ကို ဘယ်သောအခါမှ စွန့်လွှတ်ခြင်းမရှိခဲ့သလို သူမသေဆုံးချိန်မှာလည်း ‘ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုက ပြောခဲ့ပါတယ်။
Du Huzhen လို့ အမည်ရပြီး ပျောက်ဆုံးခင်ပွန်းကို အနှစ် ၈၀ ကျော်ရှာဖွေနေသူ အသက် ၁၀၃ နှစ်အရွယ် တရုတ်အဘွားအိုဟာ တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်က နေအိမ်မှာ မတ်လ ၈ ရက်နေ့က ကွယ်လွန်ခဲ့တယ်လို့ မိသားစုက ကြေညာချက်ထုတ်ပြန်ပေမယ့်လည်း သေဆုံးရတဲ့ အကြောင်းရင်းကို ဖော်ပြခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။
ရာစုနှစ်တစ်ခုကျော် အသက်ရှည်ခဲ့တဲ့ Du ဟာ သေဆုံးလုနီးအချိန်မှာ ၁၉၄၀ ပြည့်နှစ်က သူမတို့လက်ထပ်စဉ်က အသုံးပြုခဲ့တဲ့ ခေါင်းအုံးစွပ်ဟောင်းတစ်ခုကို ကိုင်ထားခဲ့ရင်း ကွယ်လွန်ခဲ့တာလို့ သူမရဲ့ မိသားစုဘက်က Shanghai Morning Post သတင်းစာကို ပြောကြားခဲ့ပါတယ်။
Du ဟာ ၁၉၄၀ ပြည့်နှစ်မှာ သူမထက် သုံးနှစ်ငယ်တဲ့ ခင်ပွန်းဖြစ်သူ Huang Junfu နဲ့ လက်ထပ်ခဲ့ပေမဲ့ သူတို့လက်ထပ်ပြီး သုံးလအကြာမှာပဲ Huang က ကူမင်တန်တပ်မတော်ကို ဝင်ရောက်ခဲ့ပြီး တာဝန်အရ နိုင်ငံအနှံ့မှာ တိုက်ပွဲဝင်ဖို့ နေအိမ်ကနေ ထွက်ခွာသွားခဲ့တာပါ။ အဲဒီနောက် ၁၉၄၃ ခုနှစ်မှာတော့ Du က Huang ကို ရှာဖွေတွေ့ရှိခဲ့ပြီး စစ်မှုထမ်းနေချိန်ကာလအတွင်း Meitan ကောင်တီမှာ အတူနေထိုင်ခဲ့ကြပေမယ့်လည်း ကိုယ်ဝန်ရှိလာတဲ့အခါမှာတော့ နေအိမ်ဆီ ပြန်လာခဲ့တာပါ။ ၁၉၄၄ ခုနှစ် ဇန်နဝါရီလမှာတော့ သူတို့နှစ်ဦးရဲ့ ရင်သွေးဖြစ်တဲ့ Huang Fachang ကို မွေးဖွားခဲ့သလို သားဖွားပြီး ရက်ပိုင်းအကြာမှာ Huang Junfu က ကွယ်လွန်သွားတဲ့ မိခင်ဈာပနအတွက် အိမ်ကို ခဏပြန်လာချိန် သားငယ်နဲ့ တစ်ကြိမ်တွေ့ခဲ့ပေမဲ့ မကြာခင်မှာပဲ Huang Junfu ဟာ ကူမင်တန်တပ်ဆီ ပြန်သွားခဲ့ပြီးနောက်ပိုင်း ဘယ်တော့မှ ပြန်မလာခဲ့တော့ပါဘူး။
Du ဆီကို ဘယ်တော့မှ ပြန်မလာတော့တဲ့ Huang Junfu ဟာ စာတွေကိုတော့ ပေးပို့နေခဲ့ပေမယ့်လည်း နောက်ဆုံးသောစာကို ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ရေးသားပေးပို့ခဲ့အပြီးမှာတော့ ဘယ်သောအခါမှ စာမလာ၊ သတင်းမကြားတော့ပါဘူး။
“မိသားစုဘဝ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခရောက်နေပါစေ ငါတို့ရဲ့ရင်သွေးလေး Fachang ကို ပညာသင်ကြားပေးဖို့ အလေးထားပါ။ ငါတို့ ပြန်ဆုံဖို့ အချိန်တစ်ခု ရှိလာမှာပါ”လို့ Huang က စာထဲမှာ ထည့်ရေးသားခဲ့ပြီး သူအသုံးပြုခဲ့တဲ့ စာရွက်အရ သူဟာ မလေးရှားနိုင်ငံမှာ ရှိတဲ့ တရုတ်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေတယ်ဆိုတာကိုတော့ သိခဲ့ရပါတယ်။
ခင်ပွန်းမရှိစဉ်ကာလအတွင်းမှာတော့ Du ဟာ မိသားစုစားဝတ်နေရေးအတွက် နေ့ဘက်မှာ လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ရတဲ့အပြင် ညဘက်မှာလည်း မနားခဲ့ရဘဲ ဖျာချုပ်တာ၊ အထည်ရက်လုပ်တာ စတဲ့ ပင်ပန်းဆင်းရဲမှုများစွာနဲ့ အသက်မွေး ဝမ်းကျောင်းပြုခဲ့ရတာပါ။
စာမလာ၊ သတင်းမကြားနဲ့ ပြန်မလာတဲ့ ခင်ပွန်းအစား အားကိုးအားထားပြုဖို့ တခြားသော အမျိုးသားတွေနဲ့ လက်ထပ်ဖို့ တိုက်တွန်းခဲ့ကြပေမဲ့လည်း တိုက်တွန်းချက်အားလုံးကို Du က ငြင်းပယ်ခဲ့ပြီး “တစ်နေ့ကျရင် သူပြန်လာရင် ဘယ်လိုလုပ်မလဲ” လို့ အမြဲပြောခဲ့ပြီး သစ္စာရှိစွာ စောင့်ဆိုင်းမြဲ စောင့်ဆိုင်းနေခဲ့တာပါ။

“အဘွားက စာမတတ်ဘူး။ ဘဝမှာ ခက်ခဲပင်ပန်းစွာ နေထိုင်ခဲ့ရတယ်။ ဒါပေမယ့် အဘွားက အမြဲတမ်း အကောင်းမြင်တတ်တယ်” လို့ Du ရဲ့ မြေးဖြစ်တဲ့ Huang Liying က ပြောခဲ့သလို”အဘွားက ငါ့အဖေနဲ့ ငါတို့မောင်နှမတွေကို ကြီးပြင်းလာတဲ့အခါ ပညာကို ကြိုးစားသင်ယူပြီး နိုင်ငံနဲ့ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုဖို့ ပြောခဲ့တယ်” လို့လည်း ဆက်လက်ပြောခဲ့ပါတယ်။
Du နဲ့ Huang တို့ရဲ့ ရင်သွေး Huang Fachang ဟာ ဖခင်ပျောက်ဆုံးနေပေမဲ့လည်း မိခင်ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့အတူ ၁၉၇၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာ အခြားလျှောက်ထားသူ ရာနဲ့ချီကို ယှဉ်ပြိုင်ကျော်ဖြတ်ပြီး အလယ်တန်းကျောင်း ဆရာတစ်ဦး ဖြစ်လာခဲ့ပေမဲ့ သူကတော့ မိခင်ထက်အရင် ၂၀၂၂ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တာပါ။
နိုင်ငံရပ်ခြားရောက် တရုတ်နိုင်ငံသားတွေအရေးကို ကိုင်တွယ်ဖြေရှင်းပေးတဲ့ Zunyi ခရိုင်အစိုးရဌာနရဲ့ စာရွက်စာတမ်းတွေအရတော့ Huang Junfu ဟာ ၁၉၅၀ ပြည့်နှစ်ပိုင်းတွေအတွင်း မလေးရှားနိုင်ငံမှာ အခြေချနေထိုင်ခဲ့ပြီး နှစ်အနည်းငယ်အကြာမှာ စင်္ကာပူနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပေမဲ့ နောက်ထပ်သိရတဲ့ သတင်းအချက်အလက် ဘာမှမရှိတော့ဘူးလို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Du ရဲ့ မိသားစုက Huang Junfu ကို ရှာဖွေဖို့ သတင်းစာတွေမှာ ကြော်ငြာတာ၊ နိုင်ငံခြားအေဂျင်စီတွေကို ငှားရမ်းရှာဖွေတာ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ကြပေမဲ့လည်း အရာအားလုံးကတော့ အချည်းနှီး ဖြစ်ခဲ့ရပါတယ်။
မြေးမလေးဖြစ်သူ Huang Liying ကတော့ Du ဟာ သေဆုံးချိန်မှာ ငြိမ်းချမ်းနေပုံရပြီး ပျောက်ဆုံးခင်ပွန်းနဲ့ ပြန်လည်ဆုံဆည်းခဲ့တဲ့ အမြင်ကို မြင်နေရင်း ကွယ်လွန်သွားပုံရတယ်လို့ ပြောကြားခဲ့သလို သူမတို့ မိသားစုဟာ Du ရဲ့ မပြည့်၀ခဲ့တဲ့ ဆန္ဒကို ဆက်လက်ဖြည့်ဆည်းပြီး Huang Junfu နဲ့ သူ့ရဲ့ သားစဉ်မြေးဆက်တွေကို ဆက်လက်ရှာဖွေဖို့ ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Ref , SCMP & Dimsumdaily Hong Kong
ပုံစာ။ Du Huzhen နှင့်သားဖြစ်သူ၊ ခင်ပွန်းသည် Huang Junfu နောက်ဆုံးပေးပို့ခဲ့သောစာပုံရိပ်