
၁၇.၃.၂၀၂၅
Translated by Htwe Ko Tun
မကြာသေးမီက ဆော်ဒီအာရေဗျနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်ဆိုင်းရေး ကြိုးပမ်းအားထုတ်မှုတွေပြီးနောက်မှာ မတ်လ တတိယပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နှစ်ဦးဟာ စစ်ပွဲနဲ့ပတ်သက်လို့ စကားပြောဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရတယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူတွေက မတ်လ ၁၆ ရက်မှာ ပြောခဲ့ကြပါတယ်။ အမေရိကန်အစိုးရနဲ့ ယူကရိန်းရဲ့ မဟာမိတ်တွေကလည်း သုံးနှစ်ကြာစစ်ပွဲရဲ့ အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့ ရုရှားအစိုးရကို ဖိအားပေးတောင်းဆိုနေကြတာပါ။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့က ယူကရိန်းကိုယ်စားလှယ်အဖွဲ့နဲ့ ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျက်ဒါမြို့မှာ ဆွေးနွေးခဲ့အပြီးမှာ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်တစ်ရပ်ပြုလုပ်ခဲ့ပြီး ယူကရိန်းအစိုးရက အဲဒီအဆိုကို လက်ခံခဲ့ပါတယ်။
ဒါပေမယ့် သမ္မတပူတင်အနေနဲ့ ပြတ်ပြတ်သားသားပြောကြားမှုမရှိသေးဘဲ အဆိုပြုချက်နဲ့ပတ်သက်လို့ အခြေအနေတွေကို စာရင်းပြုစုပြီး တချို့အရေးကြီးတဲ့မေးခွန်းတွေ ထုတ်ဖော်ပြောဆိုလာပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ သမ္မတထရန့်ရဲ့ အထူးသံတမန်ဖြစ်တဲ့ စတိဗ်ဝစ်အော့ဖ် (Steve Witkoff) ကတော့ သမ္မတပူတင်နဲ့ နာရီအတန်ကြာ တွေ့ဆုံခဲ့အပြီးမှာ သမ္မတနှစ်ဦးအနေနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ကောင်းမွန်တဲ့အခြေအနေရှိကြပြီး လာမယ့်ရက်သတ္တပတ်အတွင်း အပြုသဘောဆွေးနွေးနိုင်ကြမယ်ထင်တယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပြောခဲ့ပါသေးတယ်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးကတော့ ရုရှားအစိုးရအနေနဲ့ စစ်ပွဲကို ရပ်ဆိုင်းဖို့ လိုလားမှုမရှိဘူးလို့ မတ်လ ၁၅ ရက်က စွပ်စွဲခဲ့ပြီး ရုရှားအစိုးရအနေနဲ့ စစ်မြေပြင်မှာ အပစ်အခတ်ရပ်ဆိုင်းမှု တစ်စုံတစ်ရာ မရခင် သူတို့ဘက်က အခြေအနေအလေးသာဖို့ ကြိုးစားနေတယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဇယ်လန်စကီးက ပူတင်ဟာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီမှုမပြုဘဲနဲ့ ရုရှားနိုင်ငံကို ကမ်းလှမ်းမှုတွေပြုနေတဲ့ သမ္မတ ထရန့်ကို ဆန့်ကျင်နေတယ်လို့လည်း ပြောခဲ့ပါတယ်။ သူက ရုရှားဟာ ယူကရိန်းစစ်ပွဲမပြီးစေဖို့ နည်းလမ်းတွေရှာနေတယ်လို့ စွပ်စွဲခဲ့ပါသေးတယ်။
ရုရှားသမ္မတ ပူတင်ကတော့ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်မှာ အရေးကြီးတဲ့ မေးမြန်းရမယ့်အချက်တွေ ရှိနေတယ်လို့ပြောခဲ့ပြီး ရုရှားအစိုးရရဲ့ စိုးရိမ်ရမှုတွေနဲ့ပတ်သက်လို့ ထရန့်နဲ့ တိုက်ရိုက်ဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးလိုတယ်လို့ ပြောခဲ့ပါတယ်။
Ref- The Economic Times