
၁၇. ၃. ၂၀၂၅
Written by Nay Moe
ထွေအုပ်စာရေးတစ်ဦးအပါအဝင် အမျိုးသားသုံးဦးကို တပ်သတင်းပေး၊ ဒလန်ဟု စွပ်စွဲပြီး PDF တို့က သတ်ဖြတ်ကာ ရွှေငွေ လုယက်မှုများ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် တစ်နေ့တာအတွင်း ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ကျူးလွန်မှုဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၅ ရက် နံနက် ၂ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ တယ်ဇားကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးလှိုင်မြင့်စိုး(၃၆)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ၂၀ ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး “တပ်သတင်းပေး” ဟု ပြောဆိုစွပ်စွဲ၍ သေနတ်ဖြင့် ပစ်ခတ်ကာ နေအိမ်အတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ သုံးကျပ်သားခန့်နှင့် ငွေ ၁၅ သိန်းကျပ်ခန့်တို့အား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့သဖြင့် ဦးလှိုင်မြင့်စိုးတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ကျောက်တန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာစာရေး ဦးရဲမင်းနိုင်(၃၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးရဲမင်းနိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။
အထက်ပါ ကျူးလွန်မှုများအပြင် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ထန်းချောင်ကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမြင့်ကို(၅၆)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ၁၅ ဦး (စိစစ်ဆဲ)က ဆိုင်ကယ် ရှစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆိုစွပ်စွဲ၍ ဓားများဖြင့် ဝိုင်းဝန်း ထိုးခုတ်၊ သတ်ဖြတ်သွားခဲ့သဖြင့် ဦးမြင့်ကိုတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အထက်ပါဖြစ်စဉ်များမှ ကျူးလွန်သည့် PDF များကို ဖမ်းဆီးနိုင်ရန် အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။